၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အင်ဂျင်နီယာများအရည်အသွေးမြှင့်တင်ရေးသင်တန်း (Capacity Development for Power Transmission and Distribution System Training) ဆရာဖြစ် အင်ဂျင်နီယာသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၀၈:၃၀) အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိ သူများ၊ ဂျပန်နိုင်ငံJapan International Corporation Agency (JICA) မှ တာဝန်ရှိသူများ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် Japan International Corporation Agency (JICA) ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက “Capacity Development of Power Transmission and Distribution Systems” ပထမအဆင့်စီမံချက်အရ သင်တန်းကို ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အင်ဂျင်နီယာများ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များအတွက် ကျွမ်းကျင်မှုမြှင့်တင်ရေးနှင့် ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးတွင် ခိုင်မာသည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအတွက် အကျိုးရှိထိရောက်စွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး သွားရန်ဖြစ်ကြောင်း၊ Transmission and Distribution Systems ကဏ္ဍတွင် လူ့စွမ်းအားကျွမ်းကျင်မှု မြှင့်တင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအား ရည်ရွယ်ပြီး ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် ဝန်ထမ်းများကို ပြန်လည်လက်ဆင့်ကမ်းပို့ချပေးနိုင်သည့် ဆရာများအဆင့် ရောက်ရှိအောင် သင်တန်းသား (၂၆) ဦးအား နေပြည်တော် ဗဟိုသင်တန်းကျောင်းတွင် ၂၀၁၆ ခုနှစ်မှ စတင်၍ (၂) နှစ်ကြာ သင်ကြားခဲ့၍ ပြီးမြောက် အောင်မြင်ခဲ့ပြီးသင်တန်းတွင် Planning, Design, Construction Work and Safety Technology, Operation and Maintenance, Transmission Line and Distribution Substation တို့အား စာတွေ့လက်တွေ့ ထိရောက်စွာ သင်ယူနိုင်ခဲ့ကြသောကြောင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားကွန်ရက်အတွင်း ကျွမ်းကျင်မှုအပြည့်ဖြင့် တာဝန်များထမ်းဆောင်နိုင်မည့် အပြင် မျိုးဆက်သစ် အင်ဂျင်နီယာများအား နည်းပညာမျှဝေသင်ကြားသွားနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လက်ရှိဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အားပမာဏအပြင် လာမည့် (၃) နှစ်တာကာလအတွင်း ထပ်မံတိုးတက်ထုတ်လုပ်ပေးမည့် ၃၀၀၀ မဂ္ဂါဝပ် ပမာဏကို ထိရောက်စွာဖြန့်ဖြူးနိုင်ရေး၊ ပြည်သူများထံသို့ အရည်အသွေးပြည့်ဝပြီး စိတ်ချရသည့် ဓာတ်အားဖြန့်ဖြူးနိုင်ရေးနှင့် အန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် မိမိတို့ လေ့လာသင်ယူခဲ့သည့် ဘာသာရပ်များကိုကိုယ်တိုင်အသုံးချခြင်းအပြင် လုပ်ဖော်ကိုင်ဖက်များနှင့် ပြည်သူများထံသို့ လက်ဆင့်ကမ်းဖြန့်ဝေပေးသွားရန် လိုအပ်ကြောင်း၊ သင်တန်းများအား ပံ့ပိုးပေးပါသော ဂျပန်နိုင်ငံအစိုးရနှင့် JICA အဖွဲ့တို့အား အထူးပင်ကျေးဇူးတင်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်၍ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှ သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူ တစ်ဦးမှ လက်ခံရယူခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။