The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၀၂၁ ခုနှစ်တွင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုအချိုး (Electrification Ratio) ၅၅% သို့ တိုးတက်စေရေးကို အထောက်အကူပြုမည့် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် ဆောင်ရွက်နေသည့် (National Electrification Plan- NEP)

       

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည်   တာဝန်ရှိသူများ လိုက်ပါလျက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်နေသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းမှ ပထမအဆင့်စာရင်းပါ ကျေးရွာ (၅၀၈၀) ရွာအတွက် လိုအပ်သည့် ထရန်စဖော်မာ (၅၃၈၉) လုံးကို ထုတ်လုပ် စမ်းသပ်နေသည့် ရန်ကုန်မြို့၊ တောင်ဒဂုံ စက်မှုဇုန်ရှိ ဂျပန်နိုင်ငံ Hitachi ကုမ္ပဏီနှင့် ဖက်စပ်ပူးပေါင်း ဆောင်ရွက်နေသော Hitachi Soe Electric & Machinery Co.,Ltd. စက်ရုံသို့ သွားရောက်ပြီး ထုတ်လုပ်လျက်ရှိသည့် ထရန်စဖော်မာများ စမ်းသပ်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးရာ  Hitachi Soe Electric & Machinery Co.,Ltd. ၏ Chairman ဦးကျော်မင်းထွန်းနှင့် Managing Director Mr. Katsutoshi Inagaki တို့မှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ ပါသည်။

          အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ပထမအဆင့် ကျေးရွာပေါင်း (၅၀၈၀) ရွာ အတွက် လိုအပ်သည့် ထရန်စဖော်မာ (၅၃၈၉) လုံးကို ဂျပန်နှင့် မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်သည့် Hitachi Soe Electric & Machinery Co., Ltd မှ နိုင်ငံတကာယှဉ်ပြိုင်တင်ဒါ (ICB) ယှဉ်ပြိုင်အောင်မြင်ခဲ့ပြီး ၂၃.၁၁.၂၀၁၇ ရက်နေ့တွင် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ပါသည်။ ယခုအခါထရန်စဖော်မာ ၂၅၂၅ လုံး ထုတ်လုပ်ပြီး ဖြစ်ပါ၍ စီမံကိန်းနေရာများသို့ သယ်ပို့လျှက်ရှိပါသည်။

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ကို(National Electrification Plan- NEP)ကို ကမ္ဘာ့ဘဏ်၏ အကူအညီ ဖြင့်ရေးဆွဲခဲ့ပြီးဖြစ်၍ အဆိုပါစီမံချက်၏ ကနဦးအနေဖြင့် ကမ္ဘာ့ ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ကိုရယူကာ NEP ပထမအဆင့် ကို တိုင်းဒေသကြီး / ပြည်နယ်အသီးသီးသို့ မဟာဓာတ်အားလိုင်းမှ ၂ မိုင် အတွင်းရှိ ကျေးရွာ (၅၀၈၀) ရွာ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျှက်ရှိပြီး ထရန်စဖော်မာများ၊ ကွန်ကရိကျောက်တိုင်များ၊ ကြွေသီးများ၊ သံလက်တန်း များနှင့် ထရန်စဖော်မာ၏ ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံး လုပ်နည်းများအတိုင်း (International Competitive Bidding – ICB) ​ဖြင့် တင်ဒါများခေါ်ယူ၍ စာချုပ်ချုပ်ဆို ဝယ်ယူခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း (၅၀၈၀) ရွာရှိ အိမ်ထောင်စု ပေါင်း (၆၂၆၇၅၇) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားရရှိနိုင်မည် ဖြစ်ပါ သည်။ ကမ္ဘာ့ဘဏ်၏ တောင်းဆိုမှုအရ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး (အနောက်) တို့တွင် NEP Pilot Project အဖြစ် ကျေးရွာ (၅၀) ဆောင်ရွက်ပြီးစီးခဲ့ကာ လျှပ်စစ်ဓာတ်အားရရှိခဲ့သည့် ၄င်းကျေးရွာများမှ ပြည်သူ များ၏ ဝမ်းသာကြည်နှုး စကားသံများကို ကြားသိခဲ့ရပါသည်။

        အဆိုပါချေးငွေဖြင့် ဒုတိယအဆင့် မဟာဓာတ်အားလိုင်းမှ (၅) မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေးကို ​ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပထမ အဆင့်ပါလုပ်ငန်းများနှင့်အပြိုင် မြေပြင်စိစစ်တိုင်းတာခြင်း၊ သတင်းအချက် အလက်များ စုဆောင်းခြင်းနှင့် ပစ္စည်းစာရင်းတွက်ချက်ခြင်းများကို ဆောင်ရွက် လျက်ရှိပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ပစ္စည်းများတင်ဒါ ခေါ်ဆိုသွားနိုင်မည် ဖြစ်ပါသည်။ ဒုတိယအဆင့်ပါ စီမံကိန်းများအား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ကုန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုချေးငွေဖြင့် ပထမအဆင့် (၂) မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် (၅) မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာစုစုပေါင်း (၈၅၃၇) ရွာရှိ အိမ်ထောင်စုပေါင်း (၁,၀၃၂,၄၁၁) စုခန့် လျှပ်စစ်ဓာတ်အားရရှိလာမည်ဖြစ်ပြီး အဆိုပါချေးငွေကြောင့် စုစုပေါင်း ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုအချိုး Electrification Ratio   (၉.၅) % ခန့် ထပ်မံ တိုးတက်လာမည် ဖြစ်ပါသည်။

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားသယ်ပို့ခြင်း (Transmission) လုပ်ငန်းများကို တိုးချဲ့ ဆောင် ရွက်နေသည့်အပြင် ပြည်သူများလျှပ်စစ်ဓာတ်အား ပိုမိုရရှိသုံးစွဲနိုင်စေရန် အတွက် Electrification Rate   တိုးတက်စေရန်ကိုလည်း တစ်ပြိုင်နက်စီစဉ် ဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ ADB ၊ JICA ၊ KfW စသည်တို့ထံမှ အတိုးနှုန်းသက်သာသောနှစ်ရှည် ချေးငွေ (Concessional Loan)နှင့် အထောက်အပံ့များကို  ရယူ၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး (Distribution) အပိုင်းကိုလည်း တွန်းအားပေး ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀.၈၉ သန်း ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအထိ အိမ်ထောင်စုပေါင်း (၄.၅၅)သန်း (၄၁.၈၂) % ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိခဲ့ပြီး အိမ်ထောင်စု (၆.၃၃) သန်း (၅၈.၁၈) % ခန့် မှာ ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရန် လိုအပ်လျက်ရှိပါသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ယခု ကမ္ဘာ့ဘဏ် ချေးငွေအပါအဝင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများထံမှ ချေးငွေများ ဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး နိုင်ရေးကို စီစဉ်ဆောင်ရွက် လျက်ရှိပါ၍ ၂၀၂၁ ခုနှစ်၊ မတ်လတွင် လက်ရှိ အိမ်ထောင်စုအားလုံး၏ (၅၅) % ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၅/၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၉၄.၈၈ % တိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါသည်။

        ၎င်းနောက် လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး၊  မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် Hitachi Soe Electric & Machinery Co., Ltd မှ 100 kVA ထရန်စဖော်မာ(၅)လုံးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
07-Oct-2018