၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ( ၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီး ဌာန၊ ဦးစီးအရာရှိများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပေါင်းလောင်းသင်တန်းကျောင်း၊ ရဲရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် တာဝန်ပေးအပ်သည့် ရည်မှန်းချက်များအပေါ် စိစစ်အကဲဖြတ်ရာတွင် ရလဒ်အခြေပြု (Result Based) ပုံစံနှင့် တိုင်းတာသတ်မှတ်လာကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ရလဒ် အခြေပြုပုံစံကိုသွားရန်အတွက် အသိပညာအခြေပြု (Knowledge Based) ဝန်ထမ်း ကောင်းများရရှိရေးသည်လည်း မရှိမဖြစ် အလေးထားဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းကောင်းဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိသူမှုအပြင် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံရန်လိုကြောင်း၊ ယခုဖွင့်လှစ်ပြီးခဲ့သည့် လုပ်ငန်းခွင်ဝင် အကြိုသင်တန်းသည် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၏ လုပ်ငန်း၊ တည်ဆောက်ရေးများတွင် လိုအပ်နေသည့် ဦးစီးအရာရှိများကို ပြင်ပမှ ယှဉ်ပြိုင်စနစ်နှင့် အရည်အချင်းပြည့်မီ၍ ရွေးချယ်ခန့်အပ်ခြင်း ခံရသူများကို လုပ်ငန်းခွင်မဝင်ရောက်မီအကြို သင်ကြားပေးသည့်သင်တန်းဖြစ်ပါကြောင်း၊ ယခုသင်တန်း၏ ရည်ရွယ်ချက်သည် နိုင်ငံ့ဝန်ထမ်းတစ်ယောက်အဖြစ် ဌာနဆိုင်ရာ လုပ်ငန်းရပ်များတွင် ထဲထဲဝင်ဝင် ဆောင်ရွက်ကြသည့်အခါမှာ မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်များ၊ အသုံးချရမည့် နည်းပညာရပ်များ၊ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများနဲ့ သက်ဆိုင်သည့် ဗဟုသုတများ၊ အတွေ့အကြုံများ ရရှိစေရန်၊ လုပ်ငန်းသဘောတရား နားလည်စေရန်နှင့် ရေအားလျှပ်စစ် ဝန်ထမ်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင် မဝင်ခင် ကြိုတင်သိထားသင့်သည့်အတွက် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးကို ရည်ရွယ်၍ ယခုသင်တန်းကို စီစဉ်ပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများသည် ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာနတွင် ဆောင်ရွက်နေသည့် ဌာနခွဲများ၏ လုပ်ငန်းတာဝန်နှင့် သိကောင်းစရာများ၊ လုပ်ငန်းဆောင်ရွက်ချက်၊ ဆောင်ရွက်မှုအခြေအနေများ၊ ရေအား လျှပ်စစ်စီမံကိန်းများ အကြိုစူးစမ်းလေ့လာခြင်းမှစ၍ တည်ဆောက်ပြီးစီး မောင်းနှင် လည်ပတ်ထိန်းသိမ်းမှုများ ဆောင်ရွက်သည်အထိ လိုအပ်သည့် မြေမျက်နှာသွင်ပြင် လေ့လာမှု၊ ဘူမိဗေဒဆိုင်ရာလေ့လာမှု၊ ဒီဇိုင်းပိုင်းဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်း ကုန်ကျစရိတ် တွက်ချက်မှုများ၊ အရည်အသွေးစမ်းသပ်စစ်ဆေးမှု၊ အကောင်အထည်ဖော် တည်ဆောက်သည့်အပိုင်းနှင့် ပြုပြင်ထိန်းသိမ်းသည့်အပိုင်း စသဖြင့် ဌာနမှ ဆောင်ရွက် နေသည့် လုပ်ငန်းအဆင့်ဆင့်တွေကို အထိုက်အလျောက် သိရှိနားလည်နေမည်ဖြစ် ပါကြောင်း၊ သင်တန်းနည်းပြများကလည်း လုပ်ငန်းခွင်တွင် လက်တွေ့ ဆောင်ရွက်နေ ရသော လုပ်ငန်းစဉ်များအကြောင်း သင်ကြားပေးခဲ့ပြီး ဖြစ်သလို သင်တန်းသားများ အနေဖြင့်လည်း သိလိုစိတ်၊ တတ်လိုစိတ်များကို အရင်းခံ၍ စိတ်ဝင်တစား ကြိုးစား လေ့လာသင်ယူဆည်းပူးခဲ့ပြီးဖြစ်၍ လုပ်ငန်းဆောင်ရွက်မှုအား သင်တန်းကာလ(၅)ပတ် အတွင်း ရှင်းလင်းနားလည်သဘောပေါက်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်း မှ ရရှိခဲ့သည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချပြီး ဆက်လက်လေ့လာသင့်တဲ့ နည်းပညာရပ်များကိုလည်း ဆက်လက်ကြိုးစား လေ့လာ ဆည်းပူးသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးမှ ထူးချွန်သင်တန်းသားများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်မှ သင်တန်းနည်းပြများအား ဂုဏ်ပြု မှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာများ၊ သင်တန်းသား/သင်တန်းသူ(၃၀)ဦးနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။