The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

Economic Research Institute for ASEAN and East Asia – ERIA ၏ နည်းပညာနှင့်ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဦးဝင်းခိုင် တက်ရောက်

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် Economic Research Institute for ASEAN and East Asia (ERIA) တို့ပူးပေါင်း၍ ERIA ၏ နည်းပညာနှင့်ငွေကြေး ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သော Natural Gas Master Plan in Myanmar ထုတ်ပြန်ပွဲ အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် သင်္ဂဟဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း ပြည်ပမှ ကုမ္ပဏီများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ERIA ဥက္ကဌနှင့်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ Gas Master Plan ဖြစ်မြောက်ရေးအတွက်  နည်းပညာနှင့် ငွေကြေးအထောက်အပံ့ ပေးအပ်ခဲ့သော ERIA အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြင့်မားလာသော စွမ်းအင် စျေးနှုန်းများ၊ ပြည်တွင်း စွမ်းအင်လိုအပ်ချက်မြင့်မားလာခြင်း၊ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု အခြေအနေများကို နိုင်ငံရေး/လူမှုရေးရှုထောင့်များအရ အထူးဂရုပြု ဆောင်ရွက်လာမှုများကြောင့် စွမ်းအင် လုံခြုံစိတ်ချရေးမှာ အဓိကအခန်းကဏ္ဍမှ ရပ်တည်လာနေပါကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်ရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊  စွမ်းအင်အကျိုးရှိ ထိရောက်စွာ အသုံးချရေးအတွက် တည်ငြိမ်စွမ်းအင်ရရှိရေး၊ စဉ်ဆက်မပြတ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည် တည်တံ့သော ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုပြု ရေးဆွဲထားသော ကာလရှည် Natural Gas Master Plan မှာ မြန်မာနိုင်ငံအတွက် အမှန်တကယ် လိုအပ်လျှက်ရှိပါကြောင်း၊  အဆိုပါ Master Plan အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးကဏ္ဍ၊ ဆက်စပ်ပိုက်လိုင်းများကဏ္ဍ၊ Liquefied Natural Gas (LNG)ကဏ္ဍနှင့် မြို့ပြသဘာဝဓာတ်ငွေ့ဖြန့်ဖြူးမှုကဏ္ဍတို့ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်စေရေး စသည်တို့အား ထည့်သွင်းရေးဆွဲထားရာ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် Goals-7 အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း ပြောကြားခဲ့ပြီး ERIA ၏ President ဖြစ်သူ Prof. Hidetoshi Nishimura မှ အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ ERIA ၏ နည်းပညာနှင့်ငွေကြေး အထောက်အပံ့ဖြင့် ရေးဆွဲခဲ့သော မြန်မာနိုင်ငံ၏ Natural Gas Master Plan အား ERIA ၏ President ဖြစ်သူမှ ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

          ထို့နောက် အခမ်းအနားအစီအစဉ်အား ဆက်လက်ကျင်းပရာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီမံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်အောင်မှ Natural Gas Master Plan ဖြစ်ပေါ်လာမှုအခြေအနေအကျဉ်းချုပ်အားလည်းကောင်း၊ ERIA ၏ Natural Gas Master Plan for Myanmar ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သူ Mr. Yoshikazu Kobayashi မှ Natural Gas Master Plan ၏ Final Report တို့အား ရှင်းလင်း တင်ပြခဲ့ကြပါသည်။

အဆိုပါ Natural Gas Master Plan အား မြန်မာနိုင်ငံ၏ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် သဘာဝဓာတ်ငွေ့ လိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက် ရမည့်လုပ်ငန်းအစီအစဉ်များ ချမှတ်သွားနိုင်ရန် လည်းကောင်း၊ သဘာဝဓာတ်ငွေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အခြေခံ အဆောက်အဦးများ ချမှတ်နိုင်ရန် လည်းကောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် သဘာဝဓာတ်ငွေ့ဆိုင်ရာ မူဝါဒများ အပေါ် အခြေခံလျက် နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုပြီး ပြည်သူအားလုံး အတွက် အကျိုးသက်ရောက်မှုရှိနိုင်သည့် မူဝါဒများ ချမှတ်ရန်လည်းကောင်း ရည်ရွယ်၍ ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
11-Dec-2018