The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၀၁၉ ခုနှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၁၂  ) ရက်

            မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံး ဓာတ်အားသုံးစွဲမှုမှာ (၃,၄၈၃) မဂ္ဂါဝပ်ရှိပြီး ရေအားစက်ရုံ (၂၈) ရုံမှ (၂,၄၀၀) မဂ္ဂါဝပ်နှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ(၁၆)ရုံမှ (၁,၀၈၃) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိရာ  ပြည်သူလူထု၏လိုအပ်ချက်ကို ပြည့်မီစေရေး ထုတ်လုပ်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် နွေရာသီရေနည်းကာလတွင် ရေလှောင်တမံများတွင် သိုလှောင်ရေပမာဏ နည်းပါးလာသည့်အချိန်၌ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်နိုင်မှုမှာ ကျဆင်းလာသောကြောင့် လျော့နည်းလာသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းဒေသတွင် PowerGen Kyaukse Co.,Ltd. မှ ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်ဓာတ်အားပေးစက်ရုံစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်တောင်းခံခဲ့ရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ ခွင့်ပြုချက်အရ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဓာတ်အားပေးစက်ရုံစီမံကိန်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် PowerGen Kyaukse Co.,Ltd. ၏ တာဝန်ရှိသူတို့မှ စီမံကိန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားခဲ့ပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ကျောက်ဆည် ၁၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘဲလင်းဒေသတွင်တည်ရှိပြီး Independent Power Producer (IPP), Build-Operate-Own (BOO) စနစ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော PowerGen Kyaukse Co.,Ltd. မှ ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားဖြစ်ဓာတ်အားစတင်ထုတ်လုပ်၍ ၂၃၀ ကေဗွီ ဘဲလင်းပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။ ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အား မှာ (၁၈.၄၇၁ မဂ္ဂါဝပ် x ၈ လုံး)၊ စုစုပေါင်း (၁၄၇.၇၆၈) မဂ္ဂါဝပ်ဖြစ်ပြီး အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ ၁၄၅ မဂ္ဂါဝပ်ဖြစ်၍ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း (၁၀၂၀) ဖြစ်ပြီး နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၂ % ခန့် ပြီးစီးနေပြီဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
12-Jan-2019