The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

         

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (   ၁၀  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ကလေးဝမြို့ရှိ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိမှုနှင့် ပတ်သက်နေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန်  ဆောင်ရွက်လျက် ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခင်က ကလေးဝမြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် အနီးရှိ ပတ်ဝန်းကျင်ကျေးရွာ (၂) ရွာရှိ အိမ်ထောင်စု (၁,၇၆၁) စုကိုသာ (၈၀၀) ကေဗွီအေ မီးစက်(၁)လုံး ၊ (၃၄၀) ကေဗွီအေ မီးစက်(၁)လုံး တို့ဖြင့် တစ်နေ့လျှင် (၄)နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရာဇဂြိုလ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထွက်ရှိ လာမည့်ဓာတ်အားများကို ၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံ တွင် ရောက်ရှိနေပြီးဖြစ်သည့် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး ကလေးဝမြို့ကို ဆက်လက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ရာဇဂြိုလ် -ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ကလေးဝမြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရာဇဂြိုလ်-ကလေးအပိုင်း (၂၄.၄) မိုင်ကို (၇-၆-၂၀၁၈) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၃၀ ကေဗွီ ကလေး ဓာတ်အားခွဲရုံ နှင့် ရာဇဂြိုလ်ရေအားလျှပ်စစ်စက်ရုံကို ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကလေး - ကလေးဝ အပိုင်း (၂၄.၅၆) မိုင် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ (၃၀-၁-၂၀၁၉) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ကလေးဝ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်သည့်အတွက် ကလေးဝမြို့နှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများသည် (၂၄)နာရီ ဓာတ်အားရယူသုံးစွဲနိုင်ပြီဖြစ်ပါကြောင်း၊ အဆိုပါ ၆၆ ကေဗွီ ရာဇဂြိုလ်- ကလေး-ကလေးဝဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံ တည်ဆောက်ရေးအတွက် ကျပ်သန်းပေါင်း (၉,၉၁၄)ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပါကြောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း ယခင်ကထက် လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်တွင် Residential (၃၈.၃၇) မဂ္ဂါဝပ်၊ Industrial (၅၂.၃၃) မဂ္ဂါဝပ်၊ စုစုပေါင်း (၉၀.၇) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် Residential  (၈၄.၉၈) မဂ္ဂါဝပ်၊ Industrial (၁၂၃.၈၂) မဂ္ဂါဝပ်၊ စုစုပေါင်း (၂၀၈.၈) မဂ္ဂါဝပ်အထိ တိုးတက် သုံးစွဲလာနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အရင်းအမြစ်များကို အခြေခံပြီးထုတ်လုပ်နေသော စက်မှုလုပ်ငန်း များအနေဖြင့် တကောင်းနီကယ်စက်ရုံ၊ ဇွန်ဆေးဝါးစက်ရုံ၊ ဝမ်ပေါင်သတ္တုတူးဖော်ရေးလုပ်ငန်း၊ ယန်စီသတ္တု တူးဖော်ရေးလုပ်ငန်း၊ စစ်ကိုင်းချည်မျှင်နှင့် အထည်စက်ရုံနှင့် မြစ်ရေတင် စီမံကိန်း များစသည့် စက်မှုလုပ်ငန်းများကိုလည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ လက်ရှိ တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၅၀) တွင် လျှပ်စစ်မီးရရှိသုံးစွဲလျက်ရှိပြီး ကျေးရွာပေါင်း (၅,၉၉၃) ရွာရှိသည့်အနက် (၁,၈၂၃) ရွာကို ဓာတ်အားစနစ်မှလည်းကောင်း၊ ကျေးရွာ (၃,၁၉၇) ရွာကို မီးစက်ကဲ့သို့ အခြားဓာတ်အား ထုတ်လုပ်မှုများနှင့်လည်းကောင်း ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း(၉၀) ဓာတ်အား ရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာငွေ၊ World Bank ၊ ADB ၊ JICA စသည့် အဖွဲ့အစည်းများ၏ ချေးငွေများဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁,၀၉၆,၈၅၇) ရှိသည့်အနက် အိမ်ထောင်စုပေါင်း (၄၂၇,၅၆၉) (၃၉%) ခန့် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၅၉%) ခန့်သို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် (၇၅%) အထက်သို့လည်းကောင်း၊ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မော်လိုက်ဒေသကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓာတ်အားလိုင်း အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၂၀၂၁) ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကလေးမြို့ရှိ ၂၃၀ ကေဗွီ ကလေးဓာတ်အားခွဲရုံမှတဆင့် တမူး၊ ဟုမ္မလင်းဒေသများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဆက်စပ်ဓာတ်အားခွဲရုံများကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံ အများစုသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ရှိပြီး ထိုဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက် ရှိသည့် ဓာတ်အားများကို ဓာတ်အားသုံးစွဲသူ အများအပြားရှိရာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ ဓာတ်အားဖြန့်ဖြူးရာတွင် ယခင်က ၂၃၀ ကေဗွီ ဗို့အားအဆင့်နှင့် ပို့လွှတ် ဖြန့်ဖြူးခဲ့ပါကြောင်း၊ ထိုသို့ပို့လွှတ်ရာတွင် ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ်ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့် အားနည်းချက်များ ဖြစ်ပေါ်နေသည့်အတွက် ပင်မကျောရိုးဓာတ်အားလိုင်း (Back Bone) အနေဖြင့် ၅၀၀ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများကို ဦးစားပေး အဆင့်များခွဲခြား၍ တည်ဆောက်လျက်ရှိပြီး အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ် ပိုမိုတည်ငြိမ်လာမည် ဖြစ်သည့်အပြင် ဓာတ်အား ပိုမိုပြည့်ဝစွာဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါကြောင်း၊ လက်ရှိ အနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၉%) အထိ တိုးတက်သုံးစွဲလာသည့်အတွက် နှစ်အလိုက် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် (၃၉၄) မဂ္ဂါဝပ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (၄၅၀) မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် (၁,၇၁၂) မဂ္ဂါဝပ်၊ စုစုပေါင်း(၂၅၅၆)မဂ္ဂါဝပ်ကို ထပ်မံ ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀.၈၇၇) သန်း ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၀၉ သန်း (၄၃%) ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီးဖြစ်ရာ ၆.၁၆၈ သန်း (၅၇%) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေများ ရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ (၅၅ ရာခိုင်နှုန်း) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် အတွက် အခြေခံအကျဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျက်ရှိသောကြောင့် မိမိတို့ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်း ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း  ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများအား  ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ထို့နောက် ၆၆ ကေဗွီ ရာဇဂြိုလ်-ကလေး-ကလေးဝ ဓာတ်အားလိုင်း (၄၈.၉၆) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် ဖဲကြိုးအား စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ကလေးဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်နှင့် ကလေးဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

          ၄င်းနောက် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကလေးဝ ဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တို့မှ စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ  ဓာတ်အားထိန်းချုပ်ခန်း နှင့် Switch Yard အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကလေးဝမြို့အား နိုင်ငံတော်ဓာတ်အား စနစ်မှ (၂၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍  ဒေသခံပြည်သူများမှ မီးလင်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေရေးများ ကျင်းပပြုလုပ်ခြင်း ဖြင့် ဝမ်းသာပျော်ရွှင် ကြည်နူးလျက်ရှိကြပါသည်။

Post under by : ဝန်ကြီးရုံး
10-Feb-2019