၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ Luang Prabang (လန်ပရာဘန်) မြို့တွင် ကျင်းပမည့် မြန်မာ-လာအို နှစ်နိုင်ငံ စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် ဆက်စပ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံရုံးမှ ပထမ အတွင်းဝန် Mr. Somphay VONGMAHACHACK နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။
မြန်မာ-လာအို လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ အဆိုပါ နားလည်မှုဆိုင်ရာစာချွန်လွှာအရနှစ်ဖက်ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူ/ ရောင်းချရေး၊ နည်းပညာဖလှယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား အပြန်အလှန် ဆွေးနွေးလျက်ရှိကြောင်း၊ ယခု လာအိုနိုင်ငံတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် လည်း နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ အချက်အလက်များအား ဆွေးနွေးမည်ဖြစ်ပါသည်။