၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့် ရေနံဓာတ်ငွေ့ရည် တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် စနစ်တကျနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် LPG Safety Training Course အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ(၁၄:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၁) ရေနံချက် စက်ရုံ (သန်လျင်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ LPG ဖြန့်ဖြူးနေသော ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူ(၆၀)ဦး တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်း၌လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် များကို မြှင့်တင်ရန်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော်မှ LPG ကို မဟာဗျူဟာမြောက် စွမ်းအင်အနေဖြင့် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် LPG Industrial ကို တိုးမြှင့်ဆောင်ရွက်ရာတွင် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုများအပြင် ယခုလို လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍအလိုက် သက်ဆိုင်သည့်သင်တန်း များကို ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ LPG ကို စွမ်းအင်အရင်းအမြစ်တစ်ခု အဖြစ် ဆောင်ရွက်ရာတွင် စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကျေးလက်ကဏ္ဍများအပြင် မြို့ပြ မီးဖိုချောင်သုံးကဏ္ဍများ၌လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် LPG ကဏ္ဍတွင် အစိုးရ ပါဝင်မှု လျှော့ချပြီးနောက်ပိုင်း ပုဂ္ဂလိကကဏ္ဍ အပြည့်အဝ ကူးပြောင်းရေးအတွက် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ရခြင်းဖြစ်ပါကြောင်း၊ လောင်စာစွမ်းအင်အနေဖြင့် LPG သုံးစွဲမှုကို မြှင့်တင်၍ စွမ်းအင်သုံးစွဲမှု အချိုးညီစွာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း LPG ကို ကျယ်ပြန့်စွာ သုံးစွဲလာနိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ပြီး လျှပ်စစ်စွမ်းအင်ကို အခြားလိုအပ်သည့်နေရာများတွင် အပြည့်အဝ အသုံးပြုနိုင်ရေး တဖက်တလမ်းမှကူညီပေးနိုင်မည်ဖြစ်ပြီး ထင်း၊ မီးသွေးနေရာတွင်လည်း အစားထိုးသုံးစွဲနိုင်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် LPG ကို မီးဖိုချောင်သုံးအပြင် စက်မှုလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် လောင်စာအနေဖြင့် ကျယ်ပြန့်စွာ အသုံးပြုလာစေရန် ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း ၂၀၂၀ ခုနှစ်တွင် LPG ကို ကျေးရွာများအထိရောက်ရှိအောင် ဖြန့်ဖြူး သွားရန်နှင့် အိမ်ထောင်စု ၁ သန်းအထိ သုံးစွဲနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု ၁ သိန်းခွဲသို့ LPG ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် LPG ကို မော်တော်ယာဉ်များ မောင်းနှင်ရာတွင် အသုံးပြုနိုင်ရေးအတွက် LPG Auto Gas Filling Station များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ LPG ကို မော်တော်ယာဉ်များတွင် လောင်စာအဖြစ် အသုံးပြုခြင်းဖြင့် ဓာတ်ဆီ/ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ စသည့် လောင်စာ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် LPG ကို သင့်တော်သောစျေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ LPG ကို တွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးသုံးစွဲမှု၊ ဈေးကွက်၊ ဈေးနှုန်း၊ အရည်အသွေးပြည့်မီမှန်ကန်မှု စသည်တို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ ပါကြောင်း၊ အဓိကစိန်ခေါ်မှုအနေဖြင့် LPG နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကို ဆက်လက်ဆောင်ရွက်ရန်ရှိနေခြင်း၊ LPG သုံးစွဲသော ပြည်သူများသို့ အသိပညာပေးမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန် လိုအပ်နေခြင်း၊ LPG ထည့်သွင်းဖြန့်ဖြူးနိုင်သည့် Filling Station များနည်းပါးခြင်း၊ နေရာအနှံ့သို့ ပေးပို့နိုင်သည့်စနစ် အားနည်းခြင်း တို့ပင်ဖြစ်ပါကြောင်း၊ LPG ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများအနေဖြင့် လုံခြုံ စိတ်ချစွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် LPG နှင့်ပတ်သက်သော ဗဟုသုတများ၊ ကိုင်တွယ်သုံးစွဲပုံနည်းစနစ်များကို သိရှိရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် LPG ဖြန့်ဖြူး နေသောကုမ္ပဏီများမှ ဝန်ထမ်းများနှင့် မိမိတို့စက်ရုံရှိ ဝန်ထမ်းများကို ယခုကဲ့သို့ LPG ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်းဖွင့်လှစ်ပြီး ဗဟုသုတများကို မျှဝေ ပေးစေခြင်းဖြစ်ပါကြောင်း၊ ဤသင်တန်းမှရရှိလာမည့် ဗဟုသုတများကို ကုမ္ပဏီဝန်ထမ်း များအနေဖြင့်လည်း LPG ကိုင်တွယ်သုံးစွဲသူများသို့ ပြန်လည်မျှဝေပေးခြင်းဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း LPG ကြောင့် ဖြစ်ပေါ် လာနိုင်မည့် ထိခိုက်ဒဏ်ရာရရှိမှု (Accident) များဖြစ်ပွားမှု တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားစေလိုပါကြောင်း၊ ယခု LPG နှင့်ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် ထိခိုက်ဒဏ်ရာရရှိမှု (Accident) များသည် အများအားဖြင့် LPG အကြောင်းကို သေချာစွာမသိရှိခြင်း၊ ပေါ့ဆစွာကိုင်တွယ်အသုံးပြုခြင်း၊ LPG ဆိုင်ရာ Awareness နည်းပါးခြင်းတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် LPG ကို ကိုင်တွယ်အသုံးပြုပုံများ၊ LPG ကို ကိုင်တွယ်ဖြန့်ဖြူးရာတွင် လိုအပ်မည့်အရာများ၊ မော်တော်ယာဉ်များတွင် LPG လောင်စာ ထည့်သွင်းအသုံးပြုရာတွင် လိုအပ်သည့် Car Conversion Kit များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် တပ်ဆင်အသုံးပြုပုံ များကို သက်ဆိုင်ရာဘာသာရပ်အလိုက် ပညာရှင်များမှ စာတွေ့လက်တွေ့ ကျယ်ကျယ် ပြန့်ပြန့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ LPG ကို ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများ အားလုံး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရေနံဓာတ်ငွေ့ရည်လုပ်ငန်းရှင်များ အသင်းကိုလည်း အမြန်ဆုံးဖွဲ့စည်းသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြများ နှင့် သင်တန်းသားများက တစ်ဦးချင်းစီအလိုက် မိတ်ဆက်ခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးအား သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသော LPG ဖြန့်ဖြူးရောင်းချနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ မိမိတို့လုပ်ငန်းများ ဆောင်ရွက် ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြ ပါသည်။