ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ကောင်းမွန်စွာသုံးစွဲနိုင်ရေး၊ ဗို့အားကျဆင်းမှုမရှိစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့ချ နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိမ်းသူရ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်နှင့် တာဝန်ရှိ သူများ လိုက်ပါလျက် (၂၁.၁၀.၂၀၁၇) ရက်နေ့တွင် ၂၃၀ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ များသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။
တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်း၊ ကျွဲပွဲ၊ ဇေယျဝတီ၊ ဖြူး၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်းနှင့် ပဲခူးခရိုင်အတွင်းရှိ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်များ၏ ၃၃ကေဗွီခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးထားရှိသည့် လက်ရှိဗို့အားအခြေအနေများကို ကြည့်ရှု စစ်ဆေး၍ ဗို့အားကျဆင်းမှု ဖြစ်ပွားနေခြင်းများကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ထိန်းညှိဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဖြူး၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ညောင်လေးပင်၊ ပြွန်တံဆာနှင့် ဒိုက်ဦးမြို့နယ်များသို့ လျှပ်စစ်ဓာတ်အားပိုမိုပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လက်ရှိဓာတ်အားပေးထားသော ၂၃၀ ကေဗွီ သာယာကုန်းပင်မဓာတ်အားခွဲရုံမှ ၂၃၀/၃၃/၁၁ ကေဗွီ ၃၀ အမ်ဗွီအေ ထရန်စဖော်မာအား ၂၃၀/၃၃/၁၁ ကေဗွီ ၆၀ အမ်ဗွီအေ ထရန်စဖော်မာဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်မှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။