နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ မတ်လ ( ၇ ) ရက်
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန် တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာန အကြီးအကဲများ၊ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကြံပေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြင်ပပညာရှင်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကြံပေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြင်ပပညာရှင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍနှင့်ပတ်သက်သည့် အမျိုးသားလျှပ်စစ် ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများ၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးကဏ္ဍရှိ နည်းပညာဆိုင်ရာပံ့ပိုးမှုများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ အဆင့်မြှင့်တင်ခြင်းစီမံကိန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကဏ္ဍရှိ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၊ ရန်ကုန်တွင် ဓာတ်အားဖြန့်ဖြူးမှုစနစ် တိုးတက်ကောင်းမွန်ရေးစီမံကိန်းများနှင့်ပတ်သက်၍ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ် များအပေါ် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ ရရှိထားသော ဘဏ္ဍာငွေနှင့် ချေးငွေများအား သတ်မှတ်ကာလအတွင်း စနစ်တကျ သုံးစွဲရေး နှင့် စည်းမျဉ်းစည်းကမ်းကိုက်ညီရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေသဖြင့် ဝယ်ယူရေးလုပ်ငန်းအဆင့်များ ပိုမိုမြန်ဆန်ရေး၊ စီမံကိန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး၊ နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ခွဲဝေမှုနှင့် ဘဏ္ဍာနှစ်ကာလသတ်မှတ်ချက်ကို ယခင် ဧပြီလမှ ယခုစက်တင်ဘာလသို့ ပြောင်းလဲပြင်ဆင်ထားပြီးဖြစ်၍ ပွင့်လင်းရာသီကာလတွင် စီမံကိန်းလုပ်ငန်းများကို အချိန်ပိုမိုလျင်မြန်စွာလုပ်ကိုင်နိုင်ရေး၊ နိုင်ငံ၏ပွင့်လင်းရာသီတွင် ပြည်သူများ အလုပ်အကိုင်ခွင့်အလမ်းရရှိစေရေးတို့အတွက် ပြောင်းလဲပြင်ဆင်ဆောင်ရွက် ပေးခဲ့သဖြင့် လက်ရှိ ဘဏ္ဍာရန်ပုံငွေကို ခွင့်ပြုထားသည့်ကာလအတွင်း Quarterly အလိုက် ဆောင်ရွက်နေသည့်အတွက် မိမိတို့၏လုပ်ငန်းများ တိုးတက်လာစေရေး နည်းပညာ အကြံပေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ပြင်ပပညာရှင်များ၊ အဖွဲ့အစည်း များမှ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ပေးရေးကိစ္စရပ်တို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြ ပါသည်။
အဆိုပါစီမံကိန်းများအား နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် နော်ဝေနိုင်ငံအစိုးရထောက်ပံ့ငွေ၊ JICA ၊ EDCF ၊ World Bank နှင့် KfW (Germany) စသည့် နိုင်ငံတကာအစိုးရများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများဖြင့် ဆောင်ရွက် လျက်ရှိပါသည်။