The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဦးစီးအရာရှိအဆင့် အရာထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ (  ၁၂ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိအဆင့် အရာထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇) ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနရှိ  ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်စေရန် နိုင်ငံခြားသို့ ပညာသင် စေလွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲများသို့ တက်ရောက် စေခြင်းတို့အပြင် အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အခြားဌာန များမှပို့ချသည့် သင်တန်းများသို့ တက်ရောက်သင်ကြားစေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ လုပ်ငန်းဌာနများတွင် လိုအပ်နေသည့် ဦးစီးအရာရှိ (စီမံ/ဘဏ္ဍာ) များ သာမက ဘူမိဗေဒအရာရှိ၊ ဘူမိရူပဗေဒအရာရှိစသည့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အရာရှိများနှင့် လျှပ်စစ်ကဏ္ဍနှင့်ကမ်းလွန်ကိစ္စရပ်များဆိုင်ရာ လက်ထောက်အင်ဂျင်နီယာ များကို လုပ်ငန်းခွင်မဝင်ရောက်မီ အကြိုဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်အဖြစ် ဌာနဆိုင်ရာလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ဆောင်ရွက် ကြသည့်အခါ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် ရည်မှန်းချက်များ၊ အသုံးချရမည့် နည်းပညာ ရပ်များ၊ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ထိုသို့လုပ်ဆောင်ရာတွင် ဆောင်ရန်၊ ရှောင်ရန် စသည့် အသိပညာပေးမှုများနှင့်အတူ ဖြစ်ပေါ်လာမည့် အနာဂတ်စွမ်းအင်လိုအပ်ချက်နှင့် စူးစမ်းရှာဖွေဖော်ထုတ်မှုတို့ကို လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဝန်ထမ်းတစ်ဦး အနေနှင့် လုပ်ငန်းခွင်မဝင်ရောက်မီ ကြိုတင်သိထားသင့်သည့်အတွက် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးကို ရည်ရွယ်ပြီး ယခုသင်တန်းကို စီစဉ်ပို့ချရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် နိုင်ငံ၏လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဌာနအလိုက် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ခေတ်နှင့်အညီ တိုးတက်လာသည့် လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်မြင့်နည်းပညာရပ်များ အသုံးချမှုများကို  အချိန်တိုကာလအတွင်း ရှင်းလင်းနားလည်အောင် ပို့ချပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် အထူးဂရုစိုက်လေ့လာသင်ယူမှတ်သား ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယခုသင်တန်းတွင် ဝန်ကြီးဌာနသမိုင်းကြောင်း နှင့် ဝန်ကြီးရုံးဖွဲ့စည်းပုံ၊ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေး ဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ မဟာစီမံကိန်း လျာထားချက်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများ၏ သိကောင်းစရာများ၊ ရေအားလျှပ်စစ်ဆိုင်ရာ ဓာတ်အားပေးစက်ရုံများ၊ ရေလှောင်တမံများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားစနစ်အကြောင်း သိကောင်းစရာများ၊ စွမ်းအင်ကဏ္ဍ ဆိုင်ရာ ထုတ်လုပ်ရေး၊ ရောင်းဝယ်ရေးလုပ်ငန်းများ၏ တာဝန်နှင့် သိကောင်းစရာများ၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ စာချုပ်ချုပ်ဆိုဆောင်ရွက်မှုများ၊ စီမံကိန်းများနှင့် စီးပွားရေးရာ စီမံခန့်ခွဲရေးလုပ်ငန်း ဆောင်ရွက်နေမှုများတို့ကို သင်ကြားပို့ချပေးသွားရန် စီစဉ်ထားရှိပါကြောင်း၊ ထို့ကြောင့် သင်တန်း၏ရည်ရွယ်ချက်အတိုင်း ထိရောက်စေရေး အတွက် တက်ရောက်လာသည့် သင်တန်းသားများကို သင်တန်းနည်းပြများက မိမိတို့ လုပ်သက်တစ်လျောက် လုပ်ငန်းအတွေ့အကြုံများ ထည့်သွင်းပြီး သင်ကြားပို့ချသွား ကြမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သိလိုစိတ်၊ တတ်လိုစိတ်များကို အရင်းခံပြီး စိတ်ဝင်တစား ကြိုးစားလေ့လာ သင်ယူဆည်းပူးကြစေလိုကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဆေးပညာကဏ္ဍ စသည့်ကဏ္ဍများတွင် နည်းပညာရပ်ဆိုင်ရာများ တစ်ဟုန်ထိုး မြင့်မားတိုးတက်နေသည့်အတွက် မည်သည့် နည်းပညာရပ်ကိုမဆို အမြဲတစေ ဆည်းပူးလေ့လာပြီး တွေးတောကြံဆခြင်း၊ ဆန်းသစ် တီထွင်ခြင်းနှင့် လက်တွေ့ကြိုးစားအားထုတ်လုပ်ကိုင်ခြင်းတို့ကို အခါမလပ် ဆောင်ရွက် နိုင်မှသာ အောင်မြင်မှုအသီးအပွင့်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတာဝန်ကျရာကဏ္ဍ တစ်ခုတည်းတွင် ရပ်တည်မနေဘဲ ဆက်စပ်လျက်ရှိသော အခြားကဏ္ဍများကိုလည်း လေ့လာဆည်းပူးသင့်ကြောင်း၊ နေရာဌာနပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံတွင် တာဝန် ထမ်းဆောင်ခွင့်ရမှသာ အသိပညာ၊ အတတ်ပညာ ပိုမိုရရှိလာနိုင်မည်ဖြစ်သည့်အတွက် ကျရာနေရာများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ မိမိအားပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် သွားကြရန်နှင့် ပညာရပ်များကိုစဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန် လိုအပ် ကြောင်း၊ အနာဂတ်ကာလတွင် နိုင်ငံတကာနှင့် ပိုမိုပူးပေါင်း၍ ထိတွေ့ဆက်ဆံကာ ဆက်သွယ်ဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် ဘာသာစကားကိုလည်း နားလည် တတ်ကျွမ်းအောင် လေ့လာသင်ယူထားရန်လိုကြောင်း၊ ယနေ့အချိန်အခါသည် မိမိတို့ဘဝ တိုးတက်အောင်လေ့လာရန် အခွင့်အလမ်းများစွာရှိသည့်အတွက် အမြဲမပြတ် အစဉ်တစိုက် လေ့လာဆည်းပူးသွားကြရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပြီး ပို့ချပေးသည့် ပညာရပ်များကို စိတ်ဝင်စားစွာ လေ့လာသင်ယူ၍ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အားကိုးအားထားပြုနိုင်ပြီး နိုင်ငံတော်၏လုပ်ငန်းများတွင် လက်ဆင့်ကမ်း သယ်ဆောင် သွားကြမည့် အရာထမ်းဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြောကြားခဲ့ပါ သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

          အဆိုပါ ဦးစီးအရာရှိအဆင့် အရာထမ်းများ လုပ်ငန်းခွင်ဝင် အကြိုသင်တန်းအား သင်တန်းသား ၉၂ ဦးဖြင့် ရက်သတ္တ (၂) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ် ပါသည်။

Post under by : ဝန်ကြီးရုံး
12-Mar-2019