The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) မဟာဓာတ်အားလိုင်း ၁၄၆ မိုင် ကြိုးဆွဲလုပ်ငန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပပြုလုပ

၂၀၁၉ ခုနှစ်၊ မတ်လ၁၇  ) ရက်

        ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) မဟာဓာတ်အားလိုင်း ၁၄၆ မိုင် ကြိုးဆွဲလုပ်ငန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် မိတ္ထီလာမြို့ရှိ အဆိုပါ ဓာတ်အားလိုင်းစီမံကိန်း နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်း ဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံပြည်သူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် ယနေ့သည် နိုင်ငံတော် ဓာတ်အားစနစ် အနေဖြင့် ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်းဖြင့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျှက် ရှိရာမှ နိုင်ငံတော်၏ ပထမဆုံး ဖြစ်သော ၅၀၀ကေဗွီ မဟာဓာတ်အားလိုင်း ကြိုးဆွဲသားခြင်း အခမ်းအနား ဖြစ်သည့်အတွက် မင်္ဂလာရှိသော အခမ်းအနား ဖြစ်ပါကြောင်း ၊ နိုင်ငံတော် အနေဖြင့် ပြည်သူတစ်ရပ်လုံး သာတူညီမျှ ခံစားမှုရရှိစေရေးအတွက် ဆောင်ရွက်မှုများအနက် နောင်တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို မျှော်မှန်း၍ ပိုမိုဖြန့်ဖြူး ပေးနိုင်ရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိမှုနှင့် ပတ်သက်နေသော ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်အောင် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံ များကို အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ ဓာတ်အားပေးစက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိပြီး နှစ်အလိုက် တိုးတက်လာမည့် ဓာတ်အားကို နှစ်အလိုက်လိုအပ်ချက်များအတိုင်း ပြည့်ပြည့်ဝဝ ဖြည့်ဆည်း ပေးနိုင်ရေး ရေတိုရေရှည်စီမံကိန်းများချမှတ်ပြီး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝှမ်းလုံးရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အရင်းအမြစ်များရှိရာ ဒေသမှ ထုတ်လုပ်လျက် ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားသုံးစွဲသူအများအပြားရှိရာ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ ပို့လွှတ်ပေးရာ၌ လက်ရှိအခြေအနေတွင် ၂၃၀ ကေဗွီ ဗို့အား အဆင့်ဖြင့်သာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားခြင်း၊ ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းနှင့် ဓာတ်အားလိုင်းတစ်လိုင်း အပြစ် ဖြစ်ပွားလျှင် System Breakdown ဖြစ်ပွားခြင်း စသည့်အားနည်းချက်များ ဖြစ်ပေါ် နေသည့်အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများကို ပင်မကျောရိုး ဓာတ်အားလိုင်း (Back Bone) အနေဖြင့် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေ တွင် ထွက်ရှိလာသော ဓာတ်အားများကို သုံးစွဲသူများထံသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ  ၂၃၀ ကေဗွီ ဓာတ်အားလိုင်းစနစ်နှင့် ၁၃၂ ကေဗွီ ဓာတ်အားလိုင်းစနစ်တို့ဖြင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဓာတ်အားပေးစက်ရုံများမှထွက်ရှိသော ဓာတ်အားများ နိုင်ငံတော်ဓာတ်အားစနစ်မှတစ်ဆင့် ဓာတ်အားသုံးစွဲသူများထံသို့ ဓာတ်အားဖြန့်ဖြူးရာတွင် ပိုမိုကောင်းမွန်၍ ယုံကြည်စိတ်ချရပြီး (N Minus One Criterion) စနစ်ဖြစ်သော ဓာတ်အားလိုင်း တစ်လိုင်း အပြစ်ဖြစ်ပွားပြတ်တောက်သွားပါက အခြားဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်သည့် 230 kV , 132 kV, 66 kV Ring System များ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံတော် ဓာတ်အားစနစ် ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းစနစ် အကောင်အထည် ဖော်ရာတွင် Eastern Grid, Western Grid, Northern Grid, Southern Grid, Central Grid ဟူ၍ အပိုင်းများခွဲကာ အဆင့်ဆင့်တည်ဆောက်၍ စုပေါင်းချိတ်ဆက်ပြီး ပိုမိုတည်ငြိမ်ကောင်းမွန်ပြီး စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူး ပေးနိုင်သော ဓာတ်အားစနစ် ဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ၅၀၀ ကေဗွီကံကောင်း (မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးသွားပါက မြန်မာ နိုင်ငံမြောက်ပိုင်းရှိ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့်ဓာတ်အားကို မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ပို့ဆောင်ရာတွင် ဓာတ်အားပျောက်ဆုံးမှု နည်းပါးစွာနှင့် ပို့ဆောင်နိုင်မည်ဖြစ်သည့်အတွက် ဓာတ်အားစနစ် အတွင်း ဓာတ်အားပျောက်ဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် ဓာတ်အားစနစ် ပြတ်တောက်မှု (System Breakdown) ဖြစ်ပွားမှုအကြိမ်ရေ လျော့နည်းစေပြီး ဓာတ်အား စနစ်တည်ငြိမ်မှု ပိုမိုရရှိလာမည်ဖြစ်ပါ ကြောင်း၊ ပထမအဆင့်အနေဖြင့် ယခု ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်းကို ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး ဓာတ်အားလိုင်းအူကြောင်း ရှာဖွေတိုင်းတာခြင်း ကို ဝန်ကြီးဌာန၏ မြို့ပြအင်ဂျင်နီယာများက AF Consultant ၏ အကြံပြုချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဖောင်ဒေးရှင်းနှင့် တိုင်ဆင်လုပ်ငန်းများကို ပြင်ပကုမ္ပဏီများသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်စေခဲ့ပါကြောင်း၊ ဖောင်ဒေးရှင်း၊ တိုင်ဆင်လုပ်ငန်းများ ဆောင်ရွက် ပြီးစီးနေပြီဖြစ်သည့်အတွက် ကြိုးဆွဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ စံနှုန်းများနှင့်အညီ တင်ဒါခေါ်ဆိုခဲ့ပြီး တင်ဒါအောင်မြင်ခဲ့သည့် CEEC နဲ့ SEPCO ကုမ္ပဏီ တို့ကို လုပ်ငန်းအပ်နှံ ဆောင်ရွက်စေခဲ့ပြီး ကြိုးဆွဲခြင်းလုပ်ငန်းကို (၁၈) လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊      လက်ရှိ နိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ (၃,၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိအနေအထားအရ မြန်မာ နိုင်ငံတွင် နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ (၁၅%)မှ (၁၉%)အထိ တိုးတက်သုံးစွဲလာသည့် အတွက်ဓာတ်အားလိုအပ်ချက်အတိုင်းထုတ်လုပ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ လည်ပတ်နေသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် မကြာမီတည်ဆောက်ပြီးစီးမည့် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအပြင် LNG ဓာတ်ငွေ့သုံးစက်ရုံများကိုလည်း တည်ဆောက်၍ ဓာတ်အားတိုးတက် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံ တိုးတက် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုတည်ဆောက် လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း အပြင် ကိုးရီးယား Exim Bank ချေးငွေနှင့် ၅၀၀ ကေဗွီ စပါးကြွယ် (တောင်ငူ) - ဘုရားကြီး ဓာတ်အားလိုင်း (၁၁၇) မိုင်၊ Japan ODA Loan JICA ချေးငွေဖြင့် ၅၀၀ ကေဗွီ ဘုရားကြီး - လှိုင်သာယာဓာတ်အားလိုင်း (၆၀) မိုင်နှင့် ဓာတ်အားခွဲရုံ စီမံကိန်း များကိုလည်း မကြာမီ စတင်အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀.၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အထိ အိမ်ထောင်စု ပေါင်း ၄.၇၄ သန်း (၄၄%)ခန့် လျှပ်စစ်ဓာတ်အားရရှိပြီးဖြစ်ရာ အိမ်ထောင်စုပေါင်း ၆.၁၅ သန်း (၅၆%) ခန့်အား ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန် ကျန်ရှိ နေပါကြောင်း၊  ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ပြည်ပချေးငွေများရယူခြင်း အပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများ သုံးစွဲပြီး အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ (၅၀)% ပြည့်မီအောင် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိတော့ မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ၊ မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ (၅၅ ရာခိုင်နှုန်း) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေးဆောင်ရွက်လျက် ရှိသောကြောင့် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် CEEC ကုမ္ပဏီ တာဝန်ရှိသူမှ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ)မဟာဓာတ်အားလိုင်း ၁၄၆ မိုင်ကြိုးဆွဲလုပ်ငန်းဆောင်ရွက်မည့်အစီအမံ များအားရှင်းလင်းတင်ပြခဲ့ပါသည်။  

        ၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) မဟာဓာတ်အားလိုင်း ၁၄၆ မိုင် ကြိုးဆွဲလုပ်ငန်းစတင်ခြင်း အထိမ်း အမှတ်အဖြစ် Tensioner Switch အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ Running Board အားအမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း ကြိုးဆွဲခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်  ပြခန်းအတွင်းတွင် ပြသထားသော ဓာတ်အားလိုင်းတည်ဆောက်ရာတွင် အသုံးပြုသည့် စီမံကိန်းလုပ်ငန်းခွင်သုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

           ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ၂၃၀ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံ သို့ရောက်ရှိရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ဓာတ်အားခွဲရုံကြံ့ခိုင်မှုရှိစေရန်အတွက် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ဓာတ်အားပို့လွှတ်ရေး စီမံကိန်းများဌာန စီမံကိန်းညွှန်ကြားရေးမှူး (မြောက်ပိုင်း)မှ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့ဆောင်ရွက်သွားမည့် အစီအမံများအားလည်းကောင်း  ရှင်းလင်း တင်ပြရာ  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးမှ ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အား လိုင်းများနှင့် ထရန်စဖော်မာများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေး ဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန်နှင့် ဓာတ်အားခွဲရုံမြေနေရာ ဌာနပိုင် အမည်ပေါက် ရရှိရေးအတွက် အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
17-Mar-2019