The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၆၆ ကေဗွီပုသိမ်-ငွေဆောင်ဓာတ်အားလိုင်း(၁၄.၉၂)မိုင်နှင့် ၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ မတ်လ (  ၂၄ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ ပုသိမ်-ငွေဆောင်ဓာတ်အားလိုင်း (၁၄.၉၂) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့ရှိ အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုသည် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိမှုနှင့် ပတ်သက်နေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ယခင်က ပုသိမ်၊ အသုတ်၊ ရေကြည်၊ မြောင်းမြ၊ လပွတ္တာမြို့နယ်များသို့ နိုင်ငံတော် ဓာတ်အားစနစ် ရောက်ရှိနေသည့် ၂၃၀ ကေဗွီ အသုတ်ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဗို့အားစနစ်ဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ အသုတ်-ပုသိမ်ဓာတ်အားလိုင်း(၃၁)မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ၊ (၁၀၀) အမ်ဗွီအေ ပုသိမ်ဓာတ်အားခွဲရုံကို ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးထားပြီးဖြစ်ပါကြောင်း၊   ထို့အပြင် ၂၃၀ ကေဗွီ ပုသိမ်ဓာတ်အားခွဲရုံတွင် ရောက်ရှိ နေပြီးဖြစ်သည့် ဓာတ်အားများကို ငွေဆောင်မြို့သို့ ဆက်လက် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်    ၆၆ ကေဗွီ ပုသိမ်-ငွေဆောင်ဓာတ်အားလိုင်း (၁၄.၉၂) မိုင်နှင့် ငွေဆောင်မြို့တွင် ၆၆ ကေဗွီ ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး  (၂၁-၁၂-၂၀၁၈) ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ ၆၆ ကေဗွီ ငွေဆောင်ဓာတ်အားခွဲရုံကို ဓာတ်အားပို့လွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ငွေဆောင်မြို့နယ်အတွင်း အိမ်ထောင်စုပေါင်း (၈,၃၁၃) ရှိသည့်အနက် အိမ်ထောင်စု (၅၃၂) စု ဓာတ်အားရရှိသုံးစွဲနိုင်ခဲ့ပြီး ဆောင်ရွက်ဆဲ ဓာတ်အား ဖြန့်ဖြူးရေးလိုင်းနှင့် ခွဲရုံများ ဆောင်ရွက်ပြီးစီးသည့်အချိန်တွင် ငွေဆောင်မြို့နှင့် အနီး ပတ်ဝန်းကျင်ကျေးရွာ (၁၅) ရွာရှိ အိမ်ထောင်စုပေါင်း (၄,၈၁၇) စုသို့ နိုင်ငံတော်ဓာတ်အားစနစ် မှ (၂၄) နာရီ ဓာတ်အားရယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ၆၆ ကေဗွီ ပုသိမ်-ငွေဆောင် ဓာတ်အားလိုင်း (၁၄.၉၂) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံ တည်ဆောက်ရေးအတွက် နိုင်ငံတော်မှ ကျပ်သန်းပေါင်း (၅,၄၉၉) ကျော် အကုန်အကျခံ တည်ဆောက်ပေးပါကြောင်း၊ လက်ရှိ နိုင်ငံတော်ဓာတ်အားစနစ်တွင် အမြင့်ဆုံးဓာတ်အားသုံးစွဲမှု သည် (၃,၆၀၀) မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အား တိုးတက်သုံးစွဲမှုသည် (၁၅ %) မှ (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် ဓာတ်အား လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် ၂၀၁၅ ခုနှစ်တွင် (၈၉) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် (၁၁၆) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပြီး လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၄၅)မြို့ရှိသည့်အနက် (၄၁) မြို့သည် ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း (၁၁,၈၆၄) ရွာရှိသည့်အနက် ကျေးရွာ (၁၀၀၀) ကို ဓာတ်အားစနစ်မှလည်းကောင်း၊ ကျေးရွာ (၅,၅၄၆) ကို မီးစက်ကဲ့သို့သော သီးခြားဓာတ်အားထုတ်လုပ်မှုများနှင့်လည်းကောင်း ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများ ဓာတ်အားရရှိသုံးစွဲနိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း (၁,၄၈၈,၉၈၃) စုရှိသည့်အနက် (၂၆၇,၃၃၃) စု တိုင်းဒေသကြီးတစ်ခုလုံး၏ (၁၈ %) သည် ဓာတ်အားရရှိသုံးစွဲနိုင်နေပြီဖြစ်ပြီး ပိုမို၍ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၏ ပထဝီအနေအထားအရ ဓာတ်အားစနစ်ဆောင်ရွက်ရန် ခက်ခဲသောဒေသများ      (Off-Grid) သို့ အခြားနည်းများဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစီအစဉ် (Decentralize) ဖြင့်လည်းကောင်း အသီးသီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး မီးလင်းဂျိုင်တွင် (၁,၃၉၀) မဂ္ဂါဝပ်ရှိသည့် LNG သုံး ဓာတ်အားပေး စက်ရုံအား တည်ဆောက်၍ ဓာတ်အားတိုးတက်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများမှာ ဟင်္သာတမြို့နယ်နှင့် မြန်အောင်မြို့နယ်များအတွင်း ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ မင်းလှ-ဟင်္သာတ-အသုတ်ဓာတ်အားလိုင်း (၈၃) မိုင်နှင့် ဟင်္သာတဓာတ်အားခွဲရုံစီမံကိန်း၊ ၂၃၀ ကေဗွီ ဟင်္သာတ-မြန်အောင်-ဥသျှစ်ပင်ဓာတ်အားလိုင်း (၁၀၅) မိုင်နှင့် မြန်အောင်ဓာတ်အားခွဲရုံ စီမံကိန်း များကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ငွေဆောင်ရှိ ဟိုတယ်များ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ငွေဆောင်ခွဲရုံ တွင် ၆၆/၁၁ ကေဗွီ၊ ၂၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ထားရှိပြီး လုပ်ငန်းများ ပြီးစီးသွားပါက ယခင်ကထက် ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ယခင်က ငွေဆောင်ကမ်းခြေသို့သွားရာတွင် တစ်ရက်ခန့်ကြာ သွားလာခဲ့ရသော်လည်း ယခုအခါ နိုင်ငံတော် အနေဖြင့် လမ်းပန်းဆက်သွယ်ရေးစနစ် ကောင်းမွန်အောင်ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် (၃)နာရီခန့်အတွင်း ရောက်ရှိနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် လျှပ်စစ်မီးများလည်း (၂၄) နာရီ ရရှိပြီးဖြစ်သည့်အတွက် ယခင်နှစ်တွင် လာရောက်တည်းခိုသူဦးရေ (၂၀၁၃၂၀) သာရှိခဲ့ရာမှ  ယခုနှစ်တွင် လာရောက်တည်းခိုသူဦးရေ (၂၅၁၃၅၂) ရှိခဲ့၍ ယခင်ကထက် (၂၄ %) ခန့် ခရီးသွားလာမှုများ ပိုမိုများပြားလာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ယခုထက်ပိုမို အောင်မြင်အောင် ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ထားရှိပြီးဖြစ်သည့်အတွက် ဒေသတွင်း လူမှုရေး၊ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ရေထွက်ပစ္စည်း လုပ်ငန်းများကိုလည်း ပိုမိုချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခင်က ကုန်ကြမ်း အဖြစ်သာ ပြည်ပသို့တင်ပို့နေရာမှ ယခုအခါ ကုန်ချောအဖြစ် တိုးတက်ထုတ်လုပ်နိုင်တော့မည် ဖြစ်သည့်အတွက် နိုင်ငံခြားပို့ကုန်စနစ်ကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ဓာတ်အားထုတ်လုပ်ရာတွင် စွမ်းအင်အရင်းအမြစ် (Energy Resources) ကိုမှီ၍ ဓာတ်အား ထုတ်လုပ်ရခြင်းကြောင့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ပြီးသောဓာတ်အားများကို သုံးစွဲသူ အများစုရှိရာနေရာများသို့ ဓာတ်အားလိုင်းများဖြင့် သယ်ယူရာတွင် ဓာတ်အားပျောက်ဆုံးမှု (Losses) များပြားသည့်အပြင် မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုသည် (၁၉ %) အထိ တိုးတက်သုံးစွဲလာသည့်အတွက် ဓာတ်အားသုံးစွဲသူအများအပြားရှိရာသို့ ဓာတ်အားဖြန့်ဖြူး ရာတွင် ၂၃၀ ကေဗွီ ဗို့အားစနစ်ဖြင့်သာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေရသည့်အတွက် ဓာတ်အားလိုင်း များ ဝန်အားပြည့်နေခြင်းတို့ကြောင့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်းများကို ပြည်ထောင်စုမဟာ ဓာတ်အားလိုင်း (Union Grid) အနေဖြင့် တည်ဆောက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ၅၀၀ ကေဗွီ ဓာတ်အားလိုင်း (၅) လိုင်း ဆောင်ရွက်သွားရန်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ဓာတ်အားစနစ် မရောက်ရှိသေးသည့်ဒေသများအထိ လျှပ်စစ်ဓာတ်အားရောက်ရှိ နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးစုပေါင်းစုံအတွက် သာတူညီမျှဖြစ်စေရေးကို ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန် စီမံလျက်ရှိသည့်အတွက် ဒေသတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း (၁၀.၈၇၇) သန်းရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄.၇၉ သန်း (၄၄ %)ခန့် လျှပ်စစ်ဓာတ်အား ရရှိပြီးဖြစ်ရာ အိမ်ထောင်စုပေါင်း ၆.၀၈၇ သန်း  (၅၆ %) ခန့်အား ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်ကျန်ရှိနေပါကြောင်း၊ ၎င်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ဝန်ကြီးဌာန အနေဖြင့် ပြည်ပချေးငွေများ ရယူခြင်းအပါအဝင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်း ဒေသကြီး/ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေများသုံးစွဲပြီး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ (၅၀ %) ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိတော့မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံး အိမ်ထောင်စုအားလုံး၏ (၅၅ %) ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားကို ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသောကြောင့် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံး မှလည်း အားသွန်ခွန်စိုက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် အခြေအနေများအား  ရှင်းလင်းပြောကြားခဲ့ပြီး ငွေဆောင်မြို့နေ ဒေသခံပြည်သူ ဦးကြင်ရွှေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

          ၄င်းနောက် ၆၆/၁၁ကေဗွီ၊ (၅)အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံကမ္ဗည်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် တို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပါသည်။

          ထို့နောက် ၆၆ ကေဗွီပုသိမ်-ငွေဆောင်ဓာတ်အားလိုင်း (၁၄.၉၂) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊   (၅) အမ်ဗွီအေ ငွေဆောင်ဓာတ်အားခွဲရုံအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး၊ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွေလှိုင်ထွန်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေး နှင့် ဒေါ်ဇင်မိုးဝါတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဓာတ်အားခွဲရုံ Control Room နှင့် Switchyard အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
25-Mar-2019