နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ မတ်လ ( ၂၈ ) ရက်
ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Bay of Bengal Initiative for Multi-Sector Technical and Economic Cooperation, BIMSTEC) အရ စွမ်းအင်ကဏ္ဍဆိုင်ရာ ကျွမ်းကျင်ပညာရှင်အစည်းအဝေး (Expert Group Meeting on Energy) ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သည် BIMSTEC အစီအစဉ်အရ စွမ်းအင်ကဏ္ဍ၏ ဦးဆောင်အဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသအတွင်း ပြည်သူများ၏ လူမှုအကျိုးစီးပွားအခြေအနေသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမက၊ သဘာဝသယံဇာတအရင်းအမြစ်များအား မှန်ကန်စွာ စီမံခန့်ခွဲမှုအပေါ် တည်မှီပါကြောင်း၊ စွမ်းအင်ဖူလုံပြည့်ဝရေးသည် မိမိတို့အားလုံးအတွက် ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကန့်အသတ်ပမာဏသာရှိသော စွမ်းအင် သယံဇာတများအား သန့်ရှင်းသော စွမ်းအင်သုံးစွဲမှုဆိုင်ရာမူဝါဒများ ချမှတ်သုံးစွဲခြင်းဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုများကို ကုစားရန်ဖြစ်ကြောင်း၊ အားလုံးနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍနှင့် ပိုမိုထိရောက် အကျိုးဖြစ်ထွန်းမည့် စွမ်းအင်ကဏ္ဍတို့အတွက် ယေဘုယျစီမံကိန်းများချမှတ်၍ ပူးပေါင်း ဆောင်ရွက်မှုများ အဆင့်အလိုက် မြှင့်တင်သွားရန်လိုအပ်ပါကြောင်း၊ ဒေသတွင်း အရင်းအမြစ်များနှင့် ဘူမိပထဝီဝင်ဆိုင်ရာအခွင့်အလမ်းများအပေါ် အဖွဲ့ဝင်နိုင်ငံများ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏စွမ်းအင် ဖူလုံရေး တိုးမြှင့်ရန်၊ ဆက်သွယ်မှုပိုမိုမြှင့်တင်၍ တစ်စုတစ်စည်းတည်းဖြစ်စေရန်၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သဘာဝစွမ်းအားကို ထိန်းချုပ်အသုံးချမှုအား မျှဝေခြင်းနှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အရှိန်အဟုန်မြှင့်တင်ရန်တို့ကို ရည်ရွယ်ပါကြောင်း၊ BIMSTEC အဖွဲ့ဝင် နိုင်ငံများအကြား ထိရောက်နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ၃၁-၈-၂၀၁၈ ရက်နေ့တွင် နီပေါနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ၄ ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေး၌ BIMSTEC အဖွဲ့ဝင်နိုင်ငံများအကြား လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှု ဆိုင်ရာ ထူထောင်ခြင်းအတွက် သဘောတူညီမှု (MOU for Establishment of the BIMSTEC Grid Interconnection) အား လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ၄ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုအစီအစဉ်အား သဘောတူညီနိုင်ခဲ့ပြီး၊ ရေအား လျှပ်စစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားသော စွမ်းအင်အရင်းအမြစ်ကဏ္ဍများတွင် ပူးပေါင်းမှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံအစိုးရအဖွဲ့အတွင်း ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့များ ဖွဲ့စည်းသွားရန် သဘောတူခဲ့ကြပါကြောင်း၊ အဆိုပါ သဘောတူညီ ခဲ့သောကဏ္ဍများအား အကောင်အထည်ဖော်နိုင်ရန်အတွက် ယနေ့ကျင်းပပြုလုပ်သော ကျွမ်းကျင်ပညာရှင်များအဖွဲ့အစည်းအဝေး (Expert Group Meeting) သည် ပထမ ခြေလှမ်းဖြစ်ပြီး ဆက်လက်ဆောင်ရွက်ရမည့် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ကုန်သွယ်မှု ကဏ္ဍ တိုးချဲ့ ချဲ့ထွင်ရေး ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါ ကြောင်း၊ ယနေ့ မြန်မာနိုင်ငံအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ ဟန်ချက်ညီသော ဖွံ့ဖြိုးမှုဆိုင်ရာ ရည်မှန်းချက်မူဘောင် (United Nations Framework on Sustainable Development Goals) နှင့်အညီ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအစီအမံ ၂၀၁၈-၂၀၃၀ (Myanmar Sustainable Development Plan 2018-2030)အတွက် မဟာဗျုဟာနှင့် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယခင်နှစ်အနည်းငယ်ကာလအတွင်း မြန်မာနိုင်ငံ၏ အိမ်ထောင်စု စုစုပေါင်း၏ ၃၀ % ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယနေ့ ၄၄ % အထိ ဖြန့်ဖြူးပေးနေပြီး၊ ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ၅၀ % အထိ ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်နေပါကြောင်း၊ ယခု (၂) ရက်တာ ကျင်းပ ပြုလုပ်မည့် စွမ်းအင်ကဏ္ဍပူးပေါင်းမှုဆိုင်ရာအစည်းအဝေးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ထိရောက်စွာ ဆွေးနွေးသွားမည်ဟု ယုံကြည်ပါကြောင်း၊ BIMSTEC အဖွဲ့အစည်းနိုင်ငံများ အကြား မဟာဓာတ်အားလိုင်းများ ဆက်သွယ်ရေးအတွက် ပူးပေါင်းကော်မတီ (BIMSTEC Gird Interconnection Coordination Committee - BGICC) နှင့် BIMSTEC စွမ်းအင် ဗဟို၏ ဒေသတွင်းဆိုင်ရာစီမံချက်လေ့လာရေးနှင့် အကောင်အထည်ဖော်ဆောင်ရေး (Master Plan Study and operationalization of BIMSTEC Energy Centre) တို့မှ အဖွဲ့ဝင်နိုင်ငံများအကြား လျှပ်စစ်ဓာတ်အားကုန်သွယ်ရေး အောင်မြင်စွာ အကောင်အထည် ဖော်ရေးအတွက် အဓိကဖြစ်ပါကြောင်း၊ နှစ်ရက်တာ ကျင်းပြုလုပ်မည့်အစည်းအဝေးတို့မှ အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မာသောအောင်မြင်မှုများ ဖော်ဆောင်ပေးနိုင်မည်ဟု အလေးအနက် ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ BIMSTEC ၏အထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးဟန်သိန်းကျော်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
၎င်းနောက် မြန်မာနိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ “Interconnection for Regional / Aspect” ၊ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်း တိုးတက်မှုနှင့် ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် နည်းလမ်းများဖော်ထုတ်ရေးကို လည်းကောင်း၊ လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင်နိုင်ငံများအကြား လျှပ်စစ်ဓာတ်အားလိုင်း များ ဆက်သွယ်တည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ လုပ်ငန်းစဉ်များ ချမှတ် မှုအပေါ် ညှိနှိုင်းခြင်း၊ Master Plan နှင့် လေ့လာသုံးသပ်မှု စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဒုတိယအနေ့အဖြစ် ၂၉-၃-၂၀၁၉ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပါသည်။