၂၀၁၉ ခုနှစ်၊ ဧပြီလ ( ၁ ) ရက်
နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြား အကူအညီ အထောက်အပံ့နှင့် ချေးငွေများရယူခြင်းကိစ္စရပ်များအတွက် သတ်မှတ်ထား သော ကဏ္ဍများတွင် ရရှိလာသော ဖွံ့ဖြိုးမှုအကူအညီများကို ပိုမိုထိရောက်စွာ ပေါင်းစပ် ညှိနှိုင်းအသုံးပြုရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Sector Coordination Groups, SCG) ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် ပထမအကြိမ်အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များမှ ပံ့ပိုး ဆောင်ရွက်မှုကို တိုးမြှင့်ပေးရန် ကိစ္စရပ်များ၊ ဒုတိယအကြိမ် အစည်းအဝေးတွင် လျှပ်စစ် ဓာတ်အားပို့လွှတ်သည့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် တတိယအကြိမ် အစည်းအဝေးတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းကိစ္စရပ်များကို ဦးစားပေးဆွေးနွေးခဲ့ ကြကြောင်း၊ ယခုစတုတ္ထအကြိမ် အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်အတွင်း ၅၀ % အထိ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်၍ ကျေးရွာများမှ ပြည်သူများ၏ အိမ်အရောက် ဓာတ်အားဆက်သွယ်ရန် အဓိကလိုအပ်သည့် ဗို့အားနိမ့်ဓာတ်အားလိုင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တည်ဆောက် ဓာတ်အားပေးနိုင်ရေးအတွက် လည်းကောင်း၊ ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိရေးတွင် ဆောင်ရွက်နေသော ဓာတ်အားစနစ်ပြင်ပ (offgrid) လျှပ်စစ်ဖြန့်ဖြူးခြင်းလုပ်ငန်းများအတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့် စံချိန်စံညွှန်းများ ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း များအနေဖြင့်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှု များ ဆက်လက်ပံ့ပိုးစေလိုကြောင်း၊ ဓာတ်အားရရှိရန် ကျန်ရှိသည့် ၅၀ %တွင် ကျေးလက်နေ အိမ်ထောင်စုများသာ အများစု ပါဝင်မည်ဖြစ်ရာ ဓာတ်အားစနစ် တိုးချဲ့ခြင်း အပြင် ဓာတ်အားစနစ်နှင့်အလှမ်းဝေးသော ဒေသများ၌ Mini-grid စနစ်များအတွက် ရေအားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်အမျိုးမျိုးကို ရှာဖွေပြီး၊ စရိတ် သက်သာမည့် နည်းပညာများ ဖော်ထုတ်ဆောင်ရွက်ရေး ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ မှ ပံ့ပိုးပေးနိုင်ရန် တွန်းအားပေးဆွေးနွေးလိုပါကြောင်း၊ အမျိုးသားပြန်ပြည့်မြဲစွမ်းအင် ကော်မတီကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် နိုင်ငံတော်မှ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းကဲ့သို့ ဒေသများတွင် Solar ဖြင့် ဓာတ်အား ပေးရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဧပြီလကုန်တွင် ပြီးစီးရန် ရည်မှန်းဆောင်ရွက် ထားကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိမှု ရာခိုင်နှုန်း နည်းနေသေးသော ဧရာဝတီတိုင်း ဒေသကြီးတွင် မြစ်ချောင်းများ ပေါများသည့်အတွက် ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် ပေါ့ပါးလွယ်ကူစွာ ဓာတ်အားထုတ်နိုင်သည့် အသေးစားဓာတ်အားထုတ်စက်များကို တပ်ဆင် ဆောင်ရွက်နိုင်ရန် ဆွေးနွေးဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စွမ်းအင်ပါဝင်မှုအချိုးတွင် ပြန်ပြည့်မြဲ စွမ်းအင်အနေဖြင့် ၈ % ရည်မှန်းထားမှုအား ပြည့်မီစေရေး ဆက်လက်ဆောင်ရွက်လျက် ရှိပြီး ၂၀၂၅ ခုနှစ်တွင်လည်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ၇၅ % ထိ ရရှိစေရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။