၂၀၁၉ ခုနှစ်၊ မေလ ( ၁၁ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဝန်အားလျှော့ခြင်း ဆောင်ရွက် ရာတွင် ပြည်သူလူထု အဆင်မပြေ နစ်နာမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်မည့် အစီအမံ များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ လုပ်ငန်းဌာနများမှ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာများ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ မဟာဓာတ်အားလိုင်းမှူး နှင့် ဓာတ်အားခွဲရုံမှူးများ တက်ရောက်ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်စေရန် ဆောင်ရွက် ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ၇၄၆.၂ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်စမှ စ၍ မေလအထိ ၃၅၃ မဂ္ဂါဝပ်ရှိသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအသစ် များကို ပြီးစီး အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မီတာ ၄ မျိုးစနစ်ကို တီထွင်ဆောင်ရွက် ပေးခဲ့ခြင်း အားဖြင့် ပြည်သူလူထုမှ မိမိတို့ကြိုက်နှစ်သက်ရာ မီတာများကို ရွေးချယ်သုံးစွဲပိုင်ခွင့် ရှိလာသည့်အတွက် ယခင် ၂၀၁၆ ခုနှစ်တွင် မီးသုံးစွဲသူ အရေအတွက်သည် ၃၄ ရာခိုင်နှုန်း သာရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုးတက်မှုများအရ ၃ နှစ် တာကာလ အတွင်း မြို့ပေါင်း ၆၈ မြို့၊ ရွာပေါင်း ၅၁၉၁ ရွာအား ၂၄ နာရီ မီးသုံးစွဲနိုင်မှုရရှိအောင် ပိုမိုတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတစ်ရပ်လုံး သာတူ ညီမျှဖြစ်စေရန်အတွက် မီးရရှိသုံးစွဲပြီးသူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ရရှိအောင် ဆောင်ရွက်ပေးနေသကဲ့သို့ မီးသုံးစွဲမှုမရရှိ သေးသူများအတွက်လည်း ရရှိအောင် တိုချဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများအရ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီး သုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ် သုံးစွဲမှု တိုးတက်လာသကဲ့သို့ လျှပ်စစ်ထုတ်လုပ်မှုကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရန် စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း လျှပ်စစ်ဓာတ်အားလိုသလောက် အရည်အသွေးရှိရှိ စိတ်ချလက်ချသုံးစွဲရသည့် အခြေအနေသို့ရောက်ခဲ့သဖြင့် အိမ်သုံးလျှပ်စစ် ပစ္စည်းအသုံးအဆောင်များကို သိသိသာသာ ပိုမိုသုံးစွဲခဲ့ကြရာ လေအေးပေးစက်များသုံးစွဲမှု ထူးထူးခြားခြားတိုးတက်ခဲ့ပါကြောင်း၊ လက်ရှိအခြေအနေတွင်လည်း ရာသီဥတုထူးခြားစွာ နိုင်ငံတဝှမ်းပူပြင်းမှုများအရ လျှပ်စစ်မီးသုံးစွဲနိုင်မှုကို ကာမိစေရန် စီမံဆောင်ရွက်ခဲ့သော် လည်း ယခင်မျှော်မှန်းချက်ထက် အထက်ဖော်ပြပါ အချက်များကြောင့် သုံးစွဲမှုများပြား လာသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ တစ်နိုင်ငံလုံးတွင် ဓာတ်အားလိုအပ်ချက်မှာ ၄၀၀ မဂ္ဂါဝပ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှုများအရ ၆၈၈ မဂ္ဂါဝပ် တိုးတက် သုံးစွဲလာမည့်အပြင် ယခုနှစ်သုံးစွဲမှုကဲ့သို့ တိုးတက်လာပါက ပြည်သူလူထုသုံးစွဲနိုင်ရန် အရန် ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ် ထားရှိရမည်ဖြစ်သောကြောင့် နောင်လာမည့် ၂၀၂၀ ခုနှစ် တွင် စုစုပေါင်းဓာတ်အားလိုအပ်ချက်မှာ ၁၅၈၈ မဂ္ဂါဝပ်ခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်အောင် ထုတ်လုပ်မှုအပိုင်းတွင်လည်း အချိန်တိုကာလ အတွင်း မိမိတို့ လိုအပ်သည့်ဓာတ်အား ပြည့်မီစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြီးခဲ့သော မိုးတွင်းကာလများ၌ ယခုနှစ် သုံးစွဲမှုမှာ ပိုမိုတိုးတက်လာမည်ဟု မျှော်မှန်း ထားခဲ့သည့်အတိုင်း ရေအားလျှပ်စစ်စက်ရုံများအား ပိုမိုထုတ်လုပ်နိုင်အောင် ရေစုဆောင်းပြီး ပိုမိုထုတ်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ သို့ရာတွင် မမျှော်မှန်းနိုင်သော သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေသော စက်ရုံများ၏ စက်ချို့ယွင်းမှု များကြောင့် ပြင်ဆင်ချိန်များတွင် ရေအားလျှပ်စစ်ကို ဖြည့်စွက်မောင်းနှင်ပေးခဲ့ရသည့်အတွက် မျှော်မှန်း ထားသည့် အခြေအနေထက် အနည်းငယ်ပိုမိုသုံးစွဲခဲ့ရပါကြောင်း၊ ၎င်းအပြင် ပူပြင်းသည့် ရာသီဥတုအတွင်း ဓာတ်အားလိုင်းကြီးများ၏အောက်တွင် တောင်ယာ/ တောမီးလောင်ခြင်း များကြောင့် လိုင်းအပြစ် ၂ ကြိမ် ဖြစ်ပွားကာ ဓာတ်အားပို့လွှတ်မှု ၂ ကြိမ် ပြတ်တောက် ခဲ့ရပါကြောင်း၊ ၎င်းအချိန်တွင် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန်အတွက် သယ်ယူပို့ဆောင် ပေးနေသော ဓာတ်အားလိုင်းများအနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ် ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည်ပေးအပ်ရန် နည်းပညာအရ အားနည်းမှုများ ရှိခဲ့၍ ၎င်းတို့အား Single Circuit မှ Double Circuit ဖြစ်အောင် စီမံ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းအပြင် ဝန်အားပြည့်နေသော ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကြီးများကိုလည်း ပိုမိုသယ်ဆောင်နိုင်ရန်အတွက် ၅၀၀ ကေဗွီအေ ပြည်ထောင်စု မဟာဓာတ်အား လိုင်းအသစ် များဖြင့် ဖြည့်စွက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းဆောင်ရွက်မှုများအရ အချိန်ပေးရန် လိုအပ်သည့်အတွက် မိမိတို့အနေဖြင့် ရရှိသည့်အချိန်၊ ရရှိသည့် ဘဏ္ဍာငွေ မျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို ပြည်သူလူထုနှင့် အနီးကပ်ဆုံးဖြစ်သည့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများအနေဖြင့် ပြည်သူလူထုသိရှိအောင် ချပြရှင်းလင်းရန် လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ထုတ်လုပ်မှု၏ ထက်ဝက်ကျော် သုံးစွဲသဖြင့် ဝန်အားလျော့ချသည့် အခြေအနေတွင် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များထက် ပိုမိုသိသာစွာ ခံစားရပါကြောင်း၊ လူဦးရေထူထပ်မှု၊ အထက်မြင့်အဆောက်အဦများပြားမှု၊ ယာဉ်သွားယာဉ်လာ များပြားမှု များကြောင့် ပိုမိုခံစားရခြင်းဖြစ်ပါကြောင်း၊ မဖြစ်သာ၍ ဝန်အားလျှော့ရာတွင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ နှင့် ပေါင်းစပ် ညှိနှိုင်း၍ ပြည်သူလူထုကို အသိပေးပြီး ဝန်အားလျှော့ချသွားရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်အားလျှော့ရာ တွင်လည်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဌာနများ၊ လုံခြုံရေးအရ လိုအပ်သော လမ်းမီးများနှင့် မြို့တွင်း ခရီးသွားလာရေး၊ ပို့ဆောင်ရေး လုပ်ငန်းများကို ထိခိုက်မှုမရှိစေရေး ဝန်အားလျှော့ခြင်း မပြုရန်နှင့် အိမ်သုံးဓာတ်အားလိုင်း များနှင့် လမ်းမီးများ တွဲဖက်နေသည့် ဓာတ်အားလိုင်းများ ရှိနေ၍ ၄င်းဓာတ်အားလိုင်း များကိုလည်း ဝန်အားလျှော့ရာတွင် လမ်းမီးများ မပါစေရန် သီးခြားလိုင်းများဖြင့် ခွဲ၍ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ပြည်သူလူထုကို ထိခိုက် နစ်နာမှု အနည်းဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားရန်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသော စက်ရုံအလုပ်ရုံ များကိုလည်း ပြည်သူလူထု သုံးစွဲမှုအနည်းဆုံးအချိန်များတွင် အသုံးပြုနိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူလူထုသုံးစွဲမှုကို ထိန်းညှိနိုင်ရန်အတွက် မလိုအပ်သည့် အချိန်များတွင် မီးသုံးစွဲမှု မရှိစေရေး ပညာပေးမှု များကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တက်ရောက်လာသည့် ဓာတ်အားခွဲရုံမှူး နှင့် မဟာဓာတ်အားလိုင်းမှူးများ အနေဖြင့်လည်း မိမိတို့ တာဝန်ယူရသည့် ဓာတ်အားလိုင်း ဆွဲသားရာ လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများအား ဓာတ်အားလိုင်းများ၏အောက် တွင် လောင်စာဆီသိုလှောင်မှုမှ မီးလောင်ကျွမ်းခြင်းနှင့် တောမီးရှို့ခြင်း တို့ကြောင့် ဓာတ်အားလိုင်းအား အကျိုးသက်ရောက်ကာ လိုင်းအပြစ်ဖြစ်ပေါ်နိုင်သည်ကို သိရှိိ စေရန် အတွက် တတ်နိုင်သမျှ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ပညာ ပေးမှုများပြုလုပ်ရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေရသည့် ဌာနဖြစ်သည့်အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူမှ နားလည် လက်ခံလာစေရေး ထိတွေ့ပြောဆိုချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်း ခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့မှ ခရိုင်လျှပ်စစ်မန်နေဂျာများက ၂၀၁၉ ခုနှစ် မေလကုန်အထိ ဝန်အားလျှော့ချခြင်းပြုလုပ်မည့်အစီအစဉ်များနှင့် ဝန်အားလျှော့ခြင်းတွင် ပါဝင်သည့် လမ်းမီးများအား သီးခြားလိုင်းများအဖြစ် ခွဲ၍ ဆောင်ရွက်မည့် အစီအမံတို့အား အသီးသီး ရှင်းလင်းတင်ပြကြပါသည်။
၎င်းနောက် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌတို့မှ ဝန်အားလျှော့ခြင်းတွင်ပါဝင်သည့် လမ်းမီးများအား အခြားလိုင်းမှ ပေးနိုင် မည့်အခြေအနေ၊ System Improvement အတွက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ဝန်အားလျှော့ခြင်းများအပေါ်တွင် ပြည်သူလူထု အဆင်မပြေနစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည့် အစီအမံများအား ဆွေးနွေးတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်မှ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဝန်အားလျှော့ခြင်းဆောင်ရွက်ရာတွင် ပြည်သူလူထု အဆင်မပြေနစ်နာမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ခရိုင်များအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ လည်းကောင်း၊ သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက မတတ်သာ၍ ဝန်အားလျှော့ရာတွင် ပြည်သူလူထုကို အချိန်နှင့်တပြေးညီ အသိပေးချပြ၍ နစ်နာမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ထမ်းများ အနေဖြင့််လည်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။