The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော် ၊ ဇွန် ၂၇

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ နှင့် ဦးအုန်းဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီ ၅ မိနစ်တွင် နေပြည်တော် မှ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ က မကွေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့သည် တပ်မတော်ရဟတ် ယာဉ်များဖြင့် မင်းဘူး(စကု)မြို့ အနောက်တောင်ဘက် ၁၆ မိုင် ၃ ဖာလုံအကွာရှိ မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ရောက်ရှိရာတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နှင့် တာဝန်ရှိသူများက ကြိုဆို ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲအခမ်းအနားကျင်းပသည့် ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိပြီး မင်းဘူး(စကု)ဒေသခံပြည်သူများ၊ တာဝန်ရှိသူများ နှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ယခုဖွင့်လှစ်မည့် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း သည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံး တည်ဆောက်ခဲ့သည့် စီးပွားဖြစ်ဓာတ်အားထုတ်လုပ်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖြစ်ပါကြောင်း၊ ယင်းစက်ရုံကို GEP ( Myanmar)Co., Ltd မှ BOT စနစ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပါကြောင်း၊ စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ရှိပြီး စီမံကိန်းကို အဆင့်လေးဆင့်နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ အသီးသီးထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်း တစ်ခုလုံး ၁၇၀ မဂ္ဂါဝပ် တည်ဆောက်ပြီးစီးပါက တစ်နှစ်ကို လျှပ်စစ်စွမ်းအင် ကီလိုဝပ် နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂၁၀၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း။

ယခု စက်ရုံဖွင့်ပွဲအခမ်းအနားပြုလုပ်သည့် စီမံကိန်းပထမအဆင့် ၄၀ မဂ္ဂါဝပ်ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ စီမံကိန်းပထမအဆင့် ၄၀ မဂ္ဂါဝပ်က ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ၂၃၀ ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိန်ဆက် ပို့လွှတ်နေပြီဖြစ်ပါကြောင်း။

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများအနေဖြင့် စက်ရုံတည်ဆောက်ရန် မြေနေရာ အကျယ်အဝန်း များစွာလိုအပ်ခြင်း၊ ရာသီဥတုအပေါ်မှီခိုရခြင်း၊ လျှပ်စစ်ဓာတ် အားခဈေးနှုန်းကြီးမြင့်ခြင်း၊ စွမ်းအင်ကို သိုလှောင်ထိန်းသိမ်းမှု (Battery Storage)အတွက် ကုန်ကျစရိတ်ကြီးမြင့်ခြင်းစသည့် အားနည်းချက်များရှိသော်လည်း လျှပ်စစ် ဓာတ်အား ထုတ်ရန်လိုအပ်သည့် နေရာင်ခြည်စွမ်းအင်ကို စဉ်ဆက်မပြတ်ရရှိနိုင်သည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပါကြောင်း၊ ဒီဇယ်၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများ ကဲ့သို့ လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်းပြုပြင်မှု စရိတ် သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှု လျော့ချပေးနိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှုရရှိစေနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းစေသော ပစ္စည်းများ စွန့်ထုတ်မှုအလွန် နည်းပါခြင်းစသည့် အားသာချက်များစွာရှိပါကြောင်း၊ အချို့အားနည်းချက်များကိုလည်း နည်းပညာသစ်များ ပေါ်ထွန်းလာသည်နှင့်အမျှ ဖယ်ရှားသွားနိုင်မည့်ဟု မျှော်လင့် ပါကြောင်း။

တစ်ဆက်တည်းပြောရမည်ဆိုပါက မိမိတို့နိုင်ငံတွင် အမြဲတမ်းဆန်းသစ်တီထွင် နိုင်မည့် စိတ်ဓာတ်များ လိုနေပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ပတ်ဝန်းကျင်အခြေ အနေနှင့်လိုက်၍ လုပ်ရပါကြောင်း၊ ယခုဆိုလျှင် နေရောင်ခြည်ဓာတ်အားပေး စနစ်နှင့် ပတ်သက်၍ အားနည်းချက်များ ရှိသည်ဆိုသော်လည်း ဓာတ်အားပေးစနစ်များ အားလုံး လိုလိုတွင် သူ့အားနည်းချက်နှင့်သူ ရှိပါကြောင်း၊ အားသာချက်လည်းရှိပါကြောင်း၊ ယင်းတို့ အားလုံးကိုတွက်၍ အကောင်းဆုံးရွေးချယ်ကာ လုပ်ရမည်ဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲလာသည်နှင့်အမျှ ရေအားလျှပ်စစ်ဓာတ်အားစနစ်သည် အမြဲစိတ်ချရမှုမရှိ သည်ကိုလည်း သတိပြုမိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ခေတ်ပြောင်းသည်နှင့်အမျှ၊ ပတ်ဝန်းကျင်ပြောင်းသည်နှင့်အမျှ မိမိတို့၏ နည်းပညာများကို ပြောင်းနိုင်သည့်၊ ပြောင်းရဲ သည့် အရည်အချင်းရှိရန် အလွန်အရေးကြီး ပါကြောင်း။

အစိုးရသစ်တာဝန်ယူပြီး ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ မကွေးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားကဏ္ဍနှင့်ပတ်သက်ပြီး တိုးတက်မှုများမှာ ၄၀ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(မြစ်သာ)မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ဓာတ်အားစတင်ဖြန့်ဖြူးနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းသစ်များအနေဖြင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၀၀ မိုင်၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂၃၆ မိုင်၊ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၀ မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း ၅၅၇ မိုင်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁၉၁ မိုင် သွယ်တန်းနိုင်ခဲ့ပါကြောင်း၊ ဓာတ်အားခွဲရုံများအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တပ်ဆင်အင်အား ၄၄၆ အမ်ဗွီအေ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံတပ်ဆင်အင်အား ၁၄၃ အမ်ဗွီအေ ၊ ၁၁/ ၀ ဒသမ ၄ ကေဗွီ ဓာတ်အားခွဲရုံ တပ်ဆင် အင်အား ၉၈ အမ်ဗွီအေတို့ကို တိုးချဲ့တပ်ဆင်နိုင်ခဲ့ပါကြောင်း၊ ဓာတ်အားစနစ်နှင့် ဓာတ်အားတိုးတက်ပေးနိုင်ခဲ့သည့် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော၊ မင်းတုန်း၊ ကံမမြို့ ၇ မြို့နှင့် ကျေးရွာပေါင်း ၃၁၇ ရွာ စုစုပေါင်းအိမ်ထောင်စု ၆၈၁၄၉ စု ရှိပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ အခြေခံလူမှုစီးပွားရေးဘဝကို မြှင့်တင်ပေး နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားကို တစ်နိုင်ငံလုံးက ပြည်သူများအားလုံး ရာနှုန်းပြည့် ရရှိနိုင်ရေး အထူးအလေးထားဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံများကို အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်း၊ ဓာတ်အား လိုင်း၊ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံပိုင်ရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ အထောက်အပံ့တို့နှင့် နှစ်စဉ်အဆင့်အလိုက် ဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုစီမံကိန်း ကဲ့သို့ BOT စနစ်နှင့် ဆောင်ရွက်မည့် ပုဂ္ဂလိကပိုင် စီမံကိန်းများကိုလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း။

ဓာတ်အားထုတ်လုပ်မှုကို ရည်မှန်းထားသည့် ပမာဏရောက်ရှိရန် ကြိုးစား ဆောင်ရွက်ရာတွင် ပုဂ္ဂလိကပိုင်ဓာတ်အားပေးစက်ရုံများကို ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် စီးပွားရေးတွက်ချက်ကိုက်မှု စသည့်အခြေအနေများ အပေါ်အခြေခံပြီး တပ်ဆင်အင်အား မြင့်မားသည့် ဓာတ်အားပေးစက်ရုံကြီးများ၊ တပ်ဆင်အင်အား အလယ်အလတ်အဆင့်ရှိ ဓာတ်အားပေးစက်ရုံများနှင့် အငယ်စားအဆင့် ဓာတ်အားပေးစက်ရုံများ စသည်ဖြင့် အရွယ် အစားမျိုးစုံဖြင့် ရေတိုရေရှည်ကာလခွဲခြားပြီး အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း။

ယခုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တည်ဆောက်ရေးကာလ ကြာမြင့်သည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်နေချိန် ထိုစက်ရုံ များက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ခြင်းမရှိသေးသည့် အချိန်ကာလအတွင်း ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တည်ဆောက်ရေးကာလတိုသည် ယခုစက်ရုံ ကဲ့သို့ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများကို လက်ရှိဓာတ်အား စနစ်နှင့် ဓာတ်အားစီးဆင်းနိုင်မှု အခြေအနေ၊ ဓာတ်အားစနစ်တည်ငြိမ်နိုင်မှု အခြေအနေများကို သေချာတွက်ချက်စဉ်းစားပြီး တည်ဆောက်၍ ဓာတ်အားထုတ်လုပ် ဖြည့်ဆည်း သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတစ်ဝန်းလုံးကို လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ ၇၄၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ရန် စီမံ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်စမှ ဇွန်လအထိ ၃၉၃ မဂ္ဂါဝပ်ရှိသည့် သဘာဝဓာတ်ငွေ့သုံးနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံအသစ်များကို ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်သူ့ဝန်ဆောင်မှု ကောင်းမွန်စေရန် အတွက်လည်း ယခင်အိမ်သုံးမီတာ တစ်မျိုးတစ်စားတည်းကိုသာ အသုံးပြုခဲ့ရာမှ ၂၀၁၈ ခုနှစ် ဧပြီလဆန်းမှ စတင်၍ ပြည်သူလူထုမှလည်း မိမိတို့ကြိုက်နှစ်သက်ရာ မီတာများကို ရွေးချယ်သုံးစွဲပိုင်ခွင့်ရှိသည့် မီတာ (၄)မျိုးကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် ၃ နှစ်တာကာလအတွင်း မြို့ပေါင်း ၆၈ မြို့၊ ကျေးရွာပေါင်း ၅၁၉၁ ရွာကို ၂၄ နာရီလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရန် ပိုမိုတိုးချဲ့ဆောင်ရွက် ပေးနိုင်ခဲ့သည့် အတွက် ၂၀၁၆ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်း အထိ တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်းပြည့်မီ ရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

တစ်ချို့မှာ လျှပ်စစ်ဓာတ်အားရရှိပြီဆိုသော်လည်း မကြာခဏ မီးပျက်သည်ဟု ပြောကြပါကြောင်း၊ အမှန်ပင်ဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ မကြာခဏ မီးပျက် သည်ဆိုသည့် အကြောင်းအရင်းများမှာလည်း များစွာရှိပါကြောင်း၊ ယင်းကဲ့သို့ အကြောင်း အရင်းများကို မိမိတို့အနေဖြင့် ဖော်ထုတ်ပြီး နောင်မဖြစ်ရန် ကြိုးစားရ မည်ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲသူများ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားရရှိစေရန် ဆောင်ရွက်ပေးနေသကဲ့သို့ လျှပ်စစ်ဓာတ်အားမရသေး သူများအတွက်လည်း လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည့်နေရာတွင် ၂၀၂၁ ခုနှစ်၌ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် လျှပ်စစ်သုံးစွဲမှု တိုးတက်လာမည်ကို ဖြည့်ဆည်းသွားနိုင်ရန် ၁၂၀၀ မဂ္ဂါဝပ်ခန့်ရှိ LNG နှင့် Gas အင်ဂျင်သုံးစက်များဖြင့် ကာလတိုအတွင်း အချိန်မီ ဖြည့်ဆည်း နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့သည် နည်းအမျိုးမျိုးဖြင့် လျှပ်စစ်ဓာတ်အားများ ရရှိအောင် လုပ်ရပါကြောင်း၊ နည်းတစ်မျိုးတည်းကို အားကိုး၍ မဖြစ်ပါကြောင်း၊ နည်းတစ်မျိုးတည်းကို အားကိုးမည် ဆိုပါက မိမိတို့နိုင်ငံ၏လိုအပ်ချက်နှင့် ကိုက်ညီအောင် မိမိတို့ ဆောင်ရွက်နိုင်မည် မဟုတ်ပါ ကြောင်း။

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်တိုးတက်မြင့်မား ရေးသည် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်မှုနှင့် တိုက်ရိုက်ဆက်စပ်လျက် ရှိသည့် အတွက် မိမိတို့အစိုးရအနေဖြင့် တစ်နိုင်ငံလုံးကို လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေး ရည်မှန်းချက်အောင်မြင်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပါ် ပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းကူညီပေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် က မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနေမှုအခြေအနေများနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် Green Earth Power ( Myanmar) Co.,ltd ၏ စီမံကိန်းဆောင်ရွက် မှုရုပ်သံမှတ်တမ်းကိုပြသသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည် က ကျေးဇူး တင်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တွေ့ဆုံ ပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည်။

အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ တိုင်းဒေကြီးဝန်ကြီး ဦးမြင့်ဇော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ များကဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တိုင်းဒေသကြီးဝန်ချုပ်တို့သည် မင်းဘူး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖွင့်ပွဲအထိမ်းအမှတ် ကမ္ဗည်းကျောက်စာကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြပြီး အမွှေးနံ့သာရည်များပက်ဖြန်းပေး ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် စီမံကိန်း ရှုရပ်မှ နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားရယူထုတ်လုပ်မှုအခြေအနေကို ကြည့်ရှု သည်။

အဆိုပါ မင်းဘူး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းသည် မင်းဘူးမြို့ ၏ အနောက်တောင်ဘက် ၁၆ မိုင် ၃ ဖာလုံအကွာ ခုတ်ကြီးကွင်း တွင်တည်ရှိပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု ဖွင့်လှစ်သည့် စီမံကိန်းပထမအဆင့်သည့် စက်တပ်ဆင်အင်အား ၄၀ မဂ္ဂါဝပ်ရှိပြီး ကီလိုဝပ်နာရီ သန်းပေါင်း ၈၀ ကို ထုတ်လွှတ်ရှိကာ မန်းရွှေစက်တော် - အမ်း 220 KV ဓာတ်အားလိုင်းမှတဆင့် နိုင်ငံတော်ဓာတ်အားပေးစနစ်အတွင်း ထုတ်လွှတ်ထည့်သွင်းပေး လျှက်ရှိကြောင်း၊ စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်း အဆင့်အားလုံးတည်ဆောက်ပြီးစီးပါက စက်တပ်ဆင် အင်အား ၁၇၀ မဂ္ဂါဝပ်ရှိမည်ဖြစ်ကာ နှစ်စဉ်ဓာတ်အားပမဏ ၃၅၀ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit:https://www.statecounsellor.gov.mm

Post under by : ဝန်ကြီးရုံး
27-Jun-2019