The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ( ၁ )ရက်    

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၇)မိုင်ခန့်အကွာ  ဖြူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီးသည် အလုံးစုံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီး၍ ဓာတ်အားပေးစက်များ ပြန်လည်မောင်းနှင်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးရာ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများမှ ဓာတ်အားပေးစက်အား တစ်ဆင့်ချင်း စမ်းသပ်စစ်ဆေးနေပုံများကို ရှင်းလင်း တင်ပြကြပါသည်။ ဒုတိယဝန်ကြီးက ဓာတ်အားပေးစက်ကြီးများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊  လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အား ပြည့်ပြည့်ဝဝ ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ စက်ရုံရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သော ဓာတ်အားပေးစက်ပစ္စည်းအစိတ်အပိုင်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းမှပယ်ဖျက်၍ လေလံတင်ရောင်းချနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင် ဂရုစိုက်ဆောင်ရွက်ကြရန်မှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် Switchyard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။

            ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင် ထားရှိမှု၊ ရေယူအဆောက်အအုံနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူး ဦးခင်မောင်လွင်မှ ဖြူးချောင်းရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အဦးများ၏ လက်ရှိကြံ့ခိုင်မှုအခြေအနေနှင့် ထိန်းသိမ်းပြုပြင်ဆောင်ရွက် ထားရှိမှုအခြေနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်ချက် များအား ဌာနတာဝန်ရှိသူများနှင့်် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ အနောက်တောင်ဘက် (၇) မိုင်ခန့်အကွာ ဖြူးချောင်းပေါ်တွင် တည်ဆောက် ထားပြီး  (၂၀ မဂ္ဂါဝပ်) ထွက်ရှိသော  ဖရန်စစ်တာဘိုင် အမျိုးအစားစက် (၂) လုံးဖြင့် စုစုပေါင်း တပ်ဆင်အင်အား (၄၀ မဂ္ဂါဝပ်) ရှိကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၂၀ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် စတင် တည်ဆောက်၍ ၂၀၁၄ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာသော ဓာတ်အားများကို ၂၃၀ ကေဗွီ တောင်ငူ - ဖြူးချောင်း - ကွန်းချောင်း - သာယာကုန်း ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် High Voltage မှ လျှပ်စစ်မီးပန်းခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့၍ ဓာတ်အားပေးစက် အစိတ်အပိုင်းများ ချို့ယွင်း ပျက်စီးခဲ့သည့်အတွက် ဓာတ်အားပေးစက်(၂)လုံးမှာ မောင်းနှင်ဓာတ်အား ထုတ်လုပ်နိုင်မှု မရှိတော့ဘဲ ရပ်တန့်ထားခဲ့ရပါသည်။ အဆိုပါ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သော ဓာတ်အားပေးစက်ပစ္စည်း အစိတ်အပိုင်းများအား ပြန်လည်အစားထိုးလဲလှယ်နိုင်ရေးနှင့် ဓာတ်အားအမြန်ပြန်လည်ထုတ်လုပ် နိုင်ရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာဝန်ထမ်းများနှင့် လျှပ်စစ်ကျွမ်းကျင်အဆင့်ဝန်ထမ်းများမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ဓာတ်အားပေးစက်ပစ္စည်းအစိတ်အပိုင်းများအား ရာခိုင်နှုန်းပြည့် တပ်ဆင်စမ်းသပ် မောင်းနှင်ခဲ့ပြီးဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ဓာတ်အားပေးစက်များ ပြန်လည် မောင်းနှင်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
01-Aug-2019