၂၀၁၉ ခုနှစ်၊ သြဂုတ်လ ( ၇ ) ရက်
လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနေမှုနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုးတက်သုံးစွဲနိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာန အကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းလုံးသို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ဌာနဖြစ်သည့်အတွက် လက်ရှိ ဖြစ်ပေါ်နေသည့်အခြေအနေများ၊ ကြုံတွေ့နေရသည့်အခက်အခဲများအား သိရှိနိုင်ရန်နှင့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ် အတွင်း ဘတ်ဂျက်ခွဲဝေရရှိမှုများအပေါ် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား တင်ပြကြစေလိုကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အားလုံးမှ ညီညီညွတ်ညွတ် စိတ်ဓာတ် ခိုင်မာစွာဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ၃ နှစ်တာကာလအတွင်း မျှော်မှန်းထားသည့် ရည်မှန်းချက်ကိုရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ် တွင် မီးသုံးစွဲသူ ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၄၅ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်း ပြည့်မီအောင် စီမံဆောင်ရွက်လျက် ရှိသည့်အတွက် ဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် လည်းကောင်း မိမိတို့၏စာရင်းဇယားများအပေါ် အခြေခံပြီး သုံးသပ်ဆောင်ရွက်ရမည် ဖြစ်သည့် အတွက် အချက်အလက် မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ အဖွဲ့အစည်းအတွင်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် မိမိတို့၏ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍကို ဘတ်ဂျက်ပိုမိုခွဲဝေချထားပေးခဲ့၍ ၎င်းရရှိလာ သည့် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း မှန်မှန်ကန်ကန် အကျိုးရှိရှိသုံးစွဲပြီး လေလွင့်မှုအနည်းဆုံးဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရက ထုတ်ပြန် ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အဆင့်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် တွင် တစ်နိုင်ငံလုံး ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထားသည့်အတွက် ၁၀ နှစ် အတွင်း ၅၀ ရာခိုင်နှုန်း ထပ်မံရရှိရေး ဆောင်ရွက်ရာတွင် မည်ကဲ့သို့ ဆောင်ရွက်ကြမည်ကို ဘက်ပေါင်းစုံမှ ကြိုတင်စဉ်းစားဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ဆောင်ရွက်ရန်နှင့် ပြည်သူလူထုအား နားလည်သဘောပေါက်အောင် ချပြ ရှင်းလင်းဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ရရှိသည့်ဘဏ္ဍာငွေများဖြင့် ပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရာတွင် အကျိုးရှိရှိ စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူကို ဦးစားပေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများအပေါ် ပေးရသည့် အခကြေးငွေနှင့် ထိုက်တန်သည့် ဝန်ဆောင်မှုမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကွပ်ကဲမှု အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများအနက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသည် ပြည်သူနှင့် အဓိက ထိတွေ့ဆက်ဆံရသည့် ဌာနဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ် အင်ဂျင်နီယာများနှင့် တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများသည် ဝန်ဆောင်မှု ကောင်းရန် လိုအပ်ကြောင်း၊ ပြည်သူတို့၏တုန့်ပြန်မှု၊ တောင်းဆိုမှုများကို အထူးဂရုပြု ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ အထူးသဖြင့် တင်ဒါလုပ်ငန်း ဆောင်ရွက်မှုများတွင်လည်း လုပ်ထုံး လုပ်နည်းနှင့်အညီ စနစ်တကျ မှန်မှန်ကန်ကန် ဖြစ်စေရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများအား အဆင့်ဆင့်တင်ပြ၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် မိမိတို့၏ လုပ်ငန်းအတွေ့အကြုံ၊ ဘဝအတွေ့အကြုံ၊ ပညာရပ်ဆိုင်ရာအတွေ့အကြုံများကို အခြေခံ၍ ပြည်သူ လူထုအတွက် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သည့်လျှပ်စစ် ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်၍ အားလုံး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တအမှုဆောင်အရာရှိချုပ်တို့က မိမိတို့ဒေသအလိုက် လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနေမှုနှင့် ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှု ဝန်အား အခြေအနေနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက် ဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ စီမံကိန်းတာဝန်ခံက အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းပထမအဆင့်မှ လျှပ်စစ်ဓာတ်အားရရှိမည့်ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိသည့်ကျေးရွာများတွင် ဖြစ်ပေါ် နေသောအခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်တွင် စီမံကိန်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဓာတ်အားစနစ် ရောက်ရှိရန် ခက်ခဲနေသော နေရာဒေသများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး နယ်မြေဒေသရှိ အရင်းအမြစ်များကိုအခြေခံ၍ ပြည်သူလူထု အမြန်ဆုံး အကျိုးခံစားခွင့် ရရှိနိုင်မည့် နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်လျက်ရှိသော မီတာဖတ်ရှုခြင်း လုပ်ငန်း ဆောင်ရွက်မှုများတွင်လည်း သုံးစွဲသူပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးအတွက် စနစ်တကျဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။