The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ကျင်းပပြုလုပ်သည့် (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (  ၅  ) ရက်

          (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိ နေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီး များနှင့်အတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာအား ဘန်ကောက်မြို့ Athenee ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၃၇ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့လည်းကောင်း၊ ၂၀၁၉ ခုနှစ် ASEAN Energy Business Forum ဖွင့်ပွဲအခမ်းအနားသို့လည်းကောင်း တက်ရောက်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်  ပရာရွတ်ချန်အိုချာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် ၃၇ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံစွမ်းအင်ဝန်ကြီး များနှင့် International Energy Agency (IEA) ဆွေးနွေးပွဲအစည်းအဝေး၊ International Renewable Energy Agency (IRENA) ဆွေးနွေးပွဲနှင့် အခြားဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ခဲ့ပါသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဉီးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ၃၇ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး အထိမ်းအမှတ် ညစာစားပွဲနှင့် အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ နိုင်ငံမှ Ministry for Trade and Industry မှ Senior Minister of State H.E Chee Hong Tat ဉီးဆောင်သောအဖွဲ့နှင့်လည်းကောင်း၊ လာအိုနိုင်ငံမှ Minister of Energy and Mines H.E Dr. Khammary Inthirath ဉီးဆောင်သောအဖွဲ့နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။

          ၎င်းနောက် ပြည်ထောင်စုဝန်ကြီး ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် အာဆီယံ နှင့် အရှေ့အာရှ နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ၁၆ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးများ တက်ရောက်စဉ်ကာလအတွင်း ပြည်ထောင်စုဝန်ကြီး သည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး H.E Mr. Sontirat Sontijirawong နှင့် လည်းကောင်း၊ အာဆီယံ-အမေရိကန်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မရှင် (US - Asean Business Council) ၏ အကြီးတန်းအမှုဆောင်အရာရှိ H.E Mr. Michael Walter Michalak နှင့်လည်းကောင်း၊ Economic Research Institute for ASEAN and East Asia (ERIA) မှ Professor Hidetoshi Nishimura နှင့်လည်းကောင်း တွေ့ဆုံ၍ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် capacity development ဆိုင်ရာ ကိစ္စများအား သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Sep-2019