၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၂၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် သုံးသပ်ခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများ နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့််စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများနှင့် ဓာတ်အားပေးစက်ရုံမှူးများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် ယနေ့လို လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့်အစည်းအဝေးကို ဘတ်ဂျက်နှစ်အစတွင် ခေါ်ယူရခြင်းသည် ယခင်နှစ်၏အားသာချက်၊ အားနည်းချက်ကို ဆင်ခြင်သုံးသပ်နိုင် ရန်နှင့် လာမည့် ၂၀၂၀ ခုနှစ်၊ နွေရာသီကာလတွင် ရေအားနှင့် အပူစွမ်းအင်သုံး စက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးမည့် အစီအမံများ၊ ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် System Improvement Plan များ၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် မဂ္ဂါဝပ် ၁၀၀၀ ထပ်တိုးထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား စီမံဆောင်ရွက်ရန် ကိစ္စများတို့အပေါ် ဌာနအချင်းချင်းသိရှိနိုင်စေရန် မျှဝေပေးခြင်းဖြစ်ကြောင်းနှင့် မိမိတို့၏ ရည်မှန်းချက်များကိုလည်း ဟန်ချက်ညီ အာရုံစိုက်၍ ကြိုးစားလုပ်ကိုင် နိုင်စေရန် ရည်ရွယ်၍ ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း အမြင့်ဆုံး သုံးစွဲခဲ့သည့်ဝန်အားမှာ ၃၅၈၆ မဂ္ဂါဝပ် ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမြင့်ဆုံး သုံးစွဲနေသည့် ဝန်အားမှာ ၃၆၅၄ မဂ္ဂါဝပ်ထိ တိုးတက်လာခဲ့သဖြင့် အနာဂတ်တွင် ယခုထက် ပိုမိုများပြားလာမှာဖြစ်သည့်အတွက် ဓာတ်အား လိုင်း/ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုများ၊ Power Plant များ၏ Efficiency များတိုးတက်ရေး၊ ဓာတ်အားပေးစက်ရုံ အဟောင်းများကို Rehabilitation ပြုလုပ်မည့် အစီအစဉ်များ၊ လုပ်ငန်းအသစ် ဖြစ်သည့် LNG to Power စက်ရုံသစ်များကို စီမံဆောင်ရွက်ပြီး Time Schedule ရေးဆွဲ၍ မြန်မြန် အချိန်မီဆောင်ရွက်သွားကြရန် အရေးကြီးလိုအပ်ပါကြောင်း၊ Transmission ပိုင်း ဆောင်ရွက်စဉ် ကြုံတွေ့ရမည့်စိန်ခေါ်မှုများ အများကြီးဖြစ်လာနိုင်ကြောင်း၊ ဓာတ်ကြိုး ပြတ်ကျခြင်း၊ ဓာတ်တိုင်လဲခြင်း၊ မိုးကြိုးပစ်ခြင်း၊ Line Fault များကြောင့် ဓာတ်အား ပြတ်တောက်မှုများဖြစ်နိုင်သဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများအပေါ် မတတ်နိုင်သည့် အနေအထားမှအပ မိမိတို့သိရှိထားသည့် ဖြစ်ပေါ်လာနိုင်မည့် Weakness Point များအပေါ် သုံးသပ်၍ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု ၅၀% ပြည့်မီ စေရေး အထူးအလေးထားဆောင်ရွက်နေပါကြောင်း၊ ယခုလို ဆောင်ရွက်ရာတွင် ဌာန ဝန်ထမ်းများအနေဖြင့် မိမိကိုယ်ကျိုးကို အလေးမထားဘဲ ဌာနတိုးတက်ရာ တိုးတက်ကြောင်း၊ ပြည်သူလူထု အကျိုးပြုလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံ အကျဆုံးလိုအပ်ချက်သည် လျှပ်စစ် ဓာတ်အား ဖြစ်သည့်အတွက် အနာဂတ် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စုဦးရေ ၇၅% ကို လည်းကောင်း၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စုဦးရေ ၁၀၀% ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ရည်မှန်းချက်ထား၍ အထူးကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အိမ်ထောင်စု စုစုပေါင်း၏ မီးသုံးစွဲသူ ဦးရေမှာ ၃၄% ခန့်ကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် မီးသုံးစွဲသူ ၅၀% အထိ ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ရာ ၃ နှစ်တာကာလအတွင်း ၁၆ % ခန့် တိုးတက်လာသည့်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အောင်မြင်မှုတစ်ရပ် ရရှိသည်ဟု ဆိုရမှာဖြစ်ပါကြောင်း၊ ဓာတ်အားသုံးစွဲသူ တိုးတက်လာသည်နှင့်အမျှ ဓာတ်အားပြတ်တောက်မှု လျှော့ချရန်၊ အရည်အသွေးနှင့် စိတ်ချစွာသုံးစွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်ရာတွင် ပြည်သူလူထု အတွက် ဝန်ဆောင်မှုကောင်းမွန်၍ အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်သည့် Standard Operating Procedure (SOP) များနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ SOP များအား တိုင်းနှင့်ပြည်နယ်အလိုက် မြို့နယ်များတိုင်းတွင်ထားရှိရန်မှာကြား ထားပြီးဖြစ်သည့်အတွက် တိကျစွာလိုက်နာသွားကြရန် လိုအပ်ပါကြောင်း၊ နောက်တစ်ချက် အနေဖြင့် ဘတ်ဂျက်နှစ်အစကတည်းက ဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်း များကို Plan ချမှတ်၍ ချမှတ်ထားသည့် Plan အတိုင်း အချိန်မီပြီးစီးအောင် ကြပ်မတ် ဆောင်ရွက်သွားကြရန်၊ Budget အနေဖြင့် ပိုမိုဂရုစိုက်သုံးစွဲရန် အထူးအလေးထား တိုက်တွန်းလိုပါကြောင်း၊ ထို့အပြင် ဌာနများအနေဖြင့် တင်ဒါခေါ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တင်ဒါလုပ်ထုံး လုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ကို တိတိကျကျ အထူးအလေးထား လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် ဌာနအသီးသီးမှ မိမိတို့တင်ပြရမည့် လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆက်လက်ဆောင်ရွက် ရန် Work Plan ချမှတ်ထားမှုအခြေအနေများ၊ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေး အစီအမံများ၊ လက်ရှိ ဓာတ်အားပို့လွှတ်ဖြန့်ဖြူး ပေးနိုင်မှုအခြေအနေများ၊ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ်ဘတ်ဂျက်၊ ချေးငွေများနှင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းပါလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တင်ဒါခေါ်ဆို ဆောင်ရွက်ရမည့် အရေအတွက်နှင့် ဆောင်ရွက်မည့် Time Schedule ရေးဆွဲ ထားမှုအခြေအနေများကို အသေးစိတ်တင်ပြကြရန်၊ ပြည်သူဗဟိုရ်ပြု အတွေးအခေါ်/ ရှေးရှု ဦးတည် ဆောင်ရွက်ရန်၊ Customer Services ကို အလေးထား ဆောင်ရွက်ရန်၊ အသိပေး၊ ပညာပေးလုပ်ရန်၊ လျှပ်စစ်ဓာတ်အားသုံးစွဲခများ ပြန်လည်သတ်မှတ်ထားသဖြင့် ဝန်ဆောင်မှုပိုင်း တွင် သိသိသာသာ ကောင်းမွန်လာအောင် ရည်မှန်းချက်ထားဆောင်ရွက်ရန်၊ သဘာဝဘေး အန္တရာယ်များ ကျရောက်နိုင်မှုကို အစဉ်သတိရှိ၍ ကြိုတင်ပြင်ဆင်ထားရန်၊ လုံခြုံရေးကိစ္စများနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို အမြဲသတိရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်တို့အား ပြောကြားခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်၌ လျှပ်စစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဆွေးနွေးတင်ပြခဲ့ပြီး တာဝန်ရှိသူ အသီးသီးမှ မိမိတို့၏ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ဆက်လက်တင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။