၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ဓာတ်အားခွဲရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ပေါင်းတည်ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား လက်ခံဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပြည်သူများသို့ ဖြန့်ဖြူး ပေးရာတွင် ဗို့အားကျဆင်းမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းဆုံးဖြစ်စေရေး အထူး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ ပြည်စက်မှုဇုန်ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အား ခွဲရုံဝင်း အတွင်း ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီး က လုပ်ငန်းများ အချိန်မီ ပြီးစီးရေးနှင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် တည်ငြိမ်ပြည့်ဝသော ဗို့အားဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် တာဝန်ရှိသူများက အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ဓာတ်အားလိုင်းထိန်းသိမ်းရေး လုပ်ငန်းများအား အစဉ်ဂရုစိုက် ဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။