၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၂၇ ) ရက်
၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ၊ ရွှေတောင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်း အတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မကွေးပင်မဓာတ်အားခွဲရုံဝင်းအတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက် နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းသို့ ရောက် ရှိရာ စီမံကိန်းတာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက် များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေ အနေတို့အား ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန် အတွင်း အချိန်မီ ပြီးစီးရေး၊ ဓာတ်အားများ ဆောလျင်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်စက်ရုံ Switch Yard အတွင်းရှိ တောင်တွင်းကြီး - ရွှေတောင် ၂၃၀ ကေဗွီ double circuit ဓာတ်အားလိုင်း ၊ Towerတိုင် အမှတ် (၄၂၉) မြေထိန်းနံရံများ မိုးရေတိုက်စားမှုကြောင့် မြေသားများ ပြိုကြနေခြင်း ကို ကျောက်စီ သံခြင်းများဖြင့် မြေထိန်းနံရံ ပြုလုပ်နေမှုနှင့် ရွှေတောင်ဓာတ်အားပေးစက်ရုံ ၂၃၀ ကေဗွီ Extension Switch yard Retaining Wall အနက် ပေ ၃၀၀ ခန့် နိမ့်ကျနေခြင်းကို ကြမ်းခင်း များပြုပြင် ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များ ကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရှိ ၆၆/၃၃/၁၁ ကေဗွီ ၁၀အမ်ဗွီအေ ပြည်ဓာတ်အားခွဲရုံ ၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ရှိ ၆၆/၁၁ကေဗွီ ၁၀အမ်ဗွီအေ ဓာတ်အားခွဲရုံ ၊ ဆင်ပေါင်ဝဲမြို့နယ် ရှိ ၆၆/၁၁ ကေဗွီ ၅အမ်ဗွီအေ ဓာတ်အားခွဲရုံများသို့ ရောက်ရှိရာ ၊ တာဝန်ရှိသူများက ဓာတ်အားခွဲရုံများမှ လျှပ်စစ်ဓာတ်အား လက်ခံဖြန့်ဖြူးပေးနေမှုအခြေအနေ တို့အားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပြည်သူများသို့ ဖြန့်ဖြူးပေးရာတွင် ဗို့အား ကျဆင်းမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းဆုံးဖြစ်စေရေး အထူး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံများအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဉီးမြင့်ဇော် နှင့်တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ရောက်ရှိပြီး ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက် ရှိရာ စီမံကိန်း တာဝန်ရှိသူများက စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဓာတ်အားဖြန့်ဖြူးပေး မည့်အစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် ဘေး အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား သတ်မှတ်အရည်အသွေးပြည့်ဝအောင် စနစ်တကျ အသုံးပြုသွားရန်၊ ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် အလေးထား ဆောင်ရွက်သွားရန်နှင့် စီမံကိန်းလုပ်ငန်း များအား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ပြီး စီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ၁၃၂ကေဗွီ မကွေး ပင်မဓာတ်အားခွဲရုံတွင် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် 33 kv Switch bay တည်ဆောက်နေမူ အခြေ အနေတို့အားကြည့်ရှု စစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ၂၈ မဂ္ဂါဝပ် ရွှေတောင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ၆၆ မဂ္ဂါဝပ် မကွေးသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း များအပြင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ ကျွန်းချောင်းဓာတ်အားပေးစက်ရုံဝင်း အတွင်း ၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်၊ အလုံဓာတ်အားပေးစက်ရုံဝင်းအတွင်း ၁၅၁.၅၄ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသ တွင် ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်တွင် ၃၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းနှင့် သာကေတမြို့နယ်ရှိ သာကေတဓာတ်အားပေးစက်ရုံဝင်းအတွင်း ၄၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း စသည့် စီမံကိန်း (၇) ခုမှ ၂၀၂၀ ခုနှစ် နွေရာသီအမီ လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၁၆၅.၅၄ မဂ္ဂါဝပ်အား တိုးမြှင့်ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေး နိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိပါသည်။