၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၁ ) ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလျှပ်စစ်ဓာတ်အားကောင်းမွန်စွာ သုံးစွဲနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်း ရေးနှင့် ဓာတ်အားစနစ်ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အဆင့်မြှင့်တင် ဆောင်ရွက်နေသော ရန်ကင်းမြို့နယ်ရှိ ၆၆/၁၁-၆.၆ကေဗွီ ၆၀ အမ်ဗွီအေ ကုကိ္ကုင်း GIS ဓာတ်အားခွဲရုံနှင့် အသစ်တည်ဆောက် နေသော တာမွေမြို့နယ်ရှိ ၆၆/၁၁-၆.၆ ကေဗွီ ၆၀ အမ်ဗွီအေ တာမွေ GIS ဓာတ်အားခွဲရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ GIS ဓာတ်အားခွဲရုံများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ၌ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများက ဓာတ်အားခွဲရုံများ၏ သက်ဆိုင်ရာအချက်အလက်များ၊ ပြင်ဆင်တည်ဆောက်နေမှု အခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထုနှင့်အနီးကပ် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့်အတွက် ပြည်သူလူထုအား လေးလေးစားစား ဆက်ဆံကြရန်၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ပြည်သူလူထုအတွက် အရည်အသွေး ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက် မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်နှင့် ဓာတ်အားခွဲရုံများအားခေတ်မီနည်းပညာများ အသုံးပြု၍ လူအင်အားအနည်းဆုံးဖြင့် ဓာတ်အားထိန်းချုပ်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ပြီး ပြည်သူလူထုအတွက် ဝန်ဆောင်မှု ကောင်းသထက်ကောင်းအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုအတွက် ဝန်ဆောင်မှုကောင်းမွန်၍ အရည်အသွေး ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်သည့် Standard Operating Procedure (SOP) များနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်အခါများတွင်လည်း ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြပြီး ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံး နှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့် အခြေအနေများကိုလည်း ကာကွယ်နိုင်ရန်အတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများအတွင်းရှိ အဆင့်မြှင့်တင်တည်ဆောက်နေမှု အခြေအနေ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် ၆၆/၁၁-၆.၆ကေဗွီ ၆၀အမ်ဗွီအေ ကုကိ္ကုင်း GIS ဓာတ်အားခွဲရုံသည် ယခင် ၃၃ ကေဗွီခွဲရုံဖြင့် ဓာတ်အားဖြန့်ဖြူးခဲ့ရာမှ မီးသုံးစွဲသူများတိုးတက်လာ၍ ဝန်အားပြည့်မီနေသောကြောင့် အဆင့်မြှင့်တင်ခြင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး အသစ်တည်ဆောက်လျက်ရှိသော ၆၆/၁၁-၆.၆ကေဗွီ ၆၀အမ်ဗွီအေ တာမွေ GIS ဓာတ်အားခွဲရုံသည် ယခင်တာမွေမြို့နယ်ရှိ မီးသုံးစွဲသူများကို ၆၆ကေဗွီ ပုသိမ်ညွန့်ဓာတ်အားခွဲရုံ ၊ ၃၃ ကေဗွီ နတ်ချောင်းဓာတ်အားခွဲရုံနှင့် ရာမကွင်းဓာတ်အား ခွဲရုံတို့မှ ဖြန့်ဝေပေးလျက်ရှိရာမှ ဝန်အားလျော့ချ မျှဝေနိုင်ရန်အတွက် အသစ်တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်၍ တည်ဆောက်ခြင်းလုပ်ငန်းများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကာ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်နှင့် ရန်ကင်းမြို့နယ်များရှိ မီးသုံးစွဲသူ ပြည်သူများသို့ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။