၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့နှင့် မွန်ပြည်နယ်၊ သထုံမြို့နှင့် မော်လမြိုင်မြို့တို့ရှိ Gas Control Station စခန်းများနှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရေးစခန်း(သွေးသောက်)တို့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကလေးမြို့ရှိ Gas Control Station စခန်း သို့ ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများက Gas Control Station စခန်းမှ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေ အနေအား ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက စခန်းမြေနေရာအား ဌာနပိုင်မြေ အမည်ပေါက်ရရှိရေး ဆောင်ရွက် သွားရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပြီး Gas Control Station စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ သထုံမြို့နှင့် မော်လမြိုင် မြို့ရှိ Gas Control Station စခန်းနှင့် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေး စခန်း(သွေးသောက်)တို့အား သွားရောက်ကြည့်ရှုစစ်ဆေးရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စခန်းတာဝန်ခံ နှင့် တာဝန်ရှိသူများက Gas Control Station စခန်းများမှ သဘာဝဓာတ်ငွေ့များ ပို့လွှတ် ဖြန့်ဖြူးပေးနေမှုအခြေအနေနှင့် ပိုက်လိုင်းများ ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက သဘာဝ ဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အထူး အရေးကြီးသဖြင့် ပိုက်လိုင်းများအား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ချို့ယွင်းချက်၊ အားနည်းချက်များဖြစ်ပေါ်ပါကလည်း အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန်၊ ဒေသနေပြည်သူများ ဘေးအန္တရာယ် တစ်စုံတစ်ရာ မကျရောက်စေရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး တို့ အတွက် ကြိုတင်ကာကွယ် ရေးအစီအမံများကို စနစ်တကျ လုပ်ဆောင်သွားရန် လမ်းညွှန် မှာကြားခဲ့ပါသည်။
မြိုင်ကလေး Gas Control Station စခန်းသည် ဇောတိကကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို မြိုင်ကလေး ဘိလပ်မြေစက်ရုံများသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၁၇ ကုဗပေသန်းခန့်နှင့် ရန်ကုန်မြို့ဧရိယာရှိ စက်ရုံ၊ အလုပ်ရုံများသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၂၀ ကုဗပေသန်းခန့်အားလည်းကောင်း၊ သထုံ Gas Control Station စခန်းသည် မြိုင်ကလေး Gas Control Station စခန်းမှ တစ်ဆင့်ပေးပို့လာသော ဇောတိကကမ်းလွန်သဘာဝဓာတ်ငွေ့များကို ထပ်ဆင့်ထိန်းညှိ၍ သထုံမြို့ရှိ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများသို့ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ၂၀ ကုဗပေသန်း ခန့်အားလည်းကောင်း ဖြန့်ဖြူးပေးလျက်ရှိပါသည်။
မော်လမြိုင် Gas Control Station စခန်းသည် ဇောတိကကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို မော်လမြိုင်မြို့ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ၃၆.၅ ကုဗပေသန်းအား ဖြန့်ဖြူးပေးလျက် ရှိပါသည်။
မော်လမြိုင် ပိုက်လိုင်းပြုပြင် ထိန်းသိမ်းရေးစခန်း (သွေးသောက်) သည် ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှ မြိုင်ကလေးသဘာဝဓာတ်ငွေ့ ထိန်းသိမ်းဖြန့်ဖြူးရေးစခန်းအထိ စုစုပေါင်း ပိုက်လိုင်းအရှည် ၁၉၂ မိုင်အား တာဝန်ယူပြုပြင်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။