၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၉ ) ရက်
၂၀၂၀ ခုနှစ် နွေရာသီတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ မကွေး ပင်မဓာတ်အား ခွဲရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင်ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် သွားရောက်ကြည့်ရှု့စစ်ဆေး ခဲ့ပါသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ မကွေးပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမ တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်းတာဝန်ရှိသူက မကွေးပင်မဓာတ်အားခွဲရုံ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေနှင့် လုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ဓာတ်အားဖြန့်ဖြူးပေးမည့် အစီအမံများအားလည်းကောင်း၊ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားစနစ် အတွင်းသို့ ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှ မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ တိုးတက်သုံးစွဲလာမည့် အခြေအနေနှင့် တိုင်းဒေသကြီးအတွင်း ဓာတ်အားပိုမို တိုးတက် ဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်စေရေး၊ ဗို့အား ပြည်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံ SwitchYard အတွင်း ၃၃ ကေဗွီ SwitchBay တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ဓာတ်အားပေးစက်ရုံ စီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ချိတ်ဆက် ဆောင်ရွက်သွားမည့် အခြေအနေများကို လှည့်လည်ကြည်ရှု့ စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးပင်မဓာတ်အားခွဲရုံဝန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းသို့ ကြည့်ရှုစစ်ဆေးရာ စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းခွင် အတွင်း ဓာတ်အားပေးစက်များ တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီးမှ စီမံကိန်းလုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများအား သတ်မှတ်အရည်အသွေးပြည့်ဝအောင် စနစ်တကျ အသုံးပြုသွားရန် နှင့် စီမံကိန်းလုပ်ငန်းများ အား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေးတို့အား လမ်းညွှန် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင် အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင် ဓာတ်အားပေးစက်ရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းမှ တာဝန်ရှိသူ များက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေ အားလည်းကောင်း၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲမှု၊ တိုးတက် သုံးစွဲလာမည့်အခြေအနေနှင့် တိုင်းဒေသကြီးအတွင်း ဓာတ်အားပိုမို တိုးတက် ဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြေကြီးကျောက်သားခိုင်ခံ့စေရန် မြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်နေမှုနှင့် ဓာတ်အားပေးစက်ရုံ Switchyard နှင့် ဓာတ်အားပေးစက်ရုံအသစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာများအား လှည့်လည် ကြည်ရှု့စစ်ဆေးခဲ့ပြီး စီမံကိန်း လုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး၊ စက်ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ တည်ဆောက်တပ်ဆင်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားကို ဆောလျင်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
အဆိုပါ ၆၆ မဂ္ဂါဝပ် မကွေးသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် ၂၈ မဂ္ဂါဝပ် ရွှေတောင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ၂၀၂၀ ခုနှစ် နွေရာသီအမီ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေး နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါသည်။