The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်းဓာတ်အားခွဲရုံ၊ အဖျောက်မြို့ အဖျောက်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (  ၃၀ ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်း ဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက်မြို့ အဖျောက် ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အဆိုပါ ဓာတ်အားခွဲရုံများ၌ အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားများသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

             ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် မကြာမီ ကျင်းပတော့မည့် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံးဓာတ်အားသုံးစွဲမှု (၅၀%) ပြည့်မြောက်သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံများဖြစ်သည့် မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းဓာတ်အားခွဲရုံ၊ ဥက္ကံမြို့ ကျွန်းတောကုန်း ဓာတ်အားခွဲရုံနှင့် အဖျောက်မြို့ အဖျောက်ဓာတ်အားခွဲရုံများအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ ၃၄ % သာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပါကြောင်း၊ ထိုအချိန်ကတည်းက နိုင်ငံတော်အစိုးရသစ်၏ ဉီးစားပေး ဆောင်ရွက်မှုသည် နိုင်ငံ၏အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီး အထူးသဖြင့် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေးများကို ဉီးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည် စွမ်းအင်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား (၉၀၄) မဂ္ဂါဝပ်အား တိုးမြှင့် ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ ဓာတ်အား ပိုလွှတ်ရေးလိုင်းများကို ၂၃၀ ကေဗွီ မှ ၅၀၀ ကေဗွီသို့ တိုးချဲ့တည်ဆောက်၍ နိုင်ငံတော် ဓာတ်အားစနစ်ကို အဆင့်မြှင့်တင်ခြင်းဖြင့်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေး စနစ်တွင် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ၊ ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းနှင့် ခွဲရုံများ စုစုပေါင်း ၁၉၆၀၀ မိုင်ကျော် နှင့် ၁၂၆၃၆ အမ်ဗွီအေအား ၂၀၁၆ ခုနှစ်မှစတင်၍ ၃ နှစ်ခွဲ ကာလအတွင်း တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားစနစ်မှ တိုးချဲ့၍ ကျေးလက်မီးလင်းရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် မြို့ပေါင်း (၃၆၈) မြို့နှင့် ကျေးရွာစုစုပေါင်း (၁၆၉၄၁) ကျော် ဓာတ်အား ရရှိပြီးဖြစ်ကာ မကြာမီကာလတွင် တစ်နိုင်ငံလုံး၏ ၅၀ % အထိ တိုးတက်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ % ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ % အထိ ဖြည့်ဆည်းပေးနိုင်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ (၂)မိုင် အတွင်းရှိ ကျေးရွာများ ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတို့ အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအားလုံး ၂၀၂၀ ခုနှစ် နှစ်ကုန်တွင် လျှပ်စစ်ဓာတ်အားရရှိရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် နိုင်ငံတော် ဓာတ်အားစနစ်သို့ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် (၃၇၉၈) မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၏ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုသည် (၁၅၄၈) မဂ္ဂါဝပ်ခန့်ရှိရာ တစ်နိုင်ငံလုံး၏ ထက်ဝက်နီးပါး သုံးစွဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန် တိုင်းဒေသကြီးတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် (Demand)ကို ဖြည့်ဆည်း ပေးနိုင်ရန်ရည်ရွယ်၍ အလုံဓာတ်အားပေးစက်ရုံစီမံကိန်း (၁၅၁) မဂ္ဂါဝပ် (Combined Circle Power Plant) သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃၅၀) မဂ္ဂါဝပ်နှင့် သာကေတ LNG သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (၄၀၀) မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ၂၀၂၀ ခုနှစ်၊ မေလခန့်တွင် ပြီးစီးနိုင်ရေးကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်နိုင်ခဲ့သည့် ခွဲရုံများကြောင့် မှော်ဘီမြို့နယ်တွင် အိမ်ထောင်စု (၄၂၆၆၈) စု ရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း (၁၄) ရွာ၊ အိမ်ထောင်စု (၁၅၂၀) စုအား ဓာတ်အားစနစ်မှ တည်ငြိမ်သော လျှပ်စစ်ဓာတ်အားဖြင့် ထပ်မံသုံးစွဲခွင့် ရရှိ သွားမည်ဖြစ်ပါကြောင်း၊ အလားတူ ဥက္ကံမြို့တွင်လည်း အိမ်ထောင်စု (၁၉၅၉၇) စုရှိသည့် အနက် နောက်ထပ် ကျေးရွာပေါင်း (၅၀) အိမ်ထောင်စု (၃၈၀၃) စု ဓာတ်အားစနစ်မှ ထပ်မံ ဓာတ်အားသုံးစွဲခွင့် ရရှိသွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် အဖျောက်မြို့တွင် လည်း အိမ်ထောင်စု (၈၈၇၁) စုရှိသည့်အနက် နောက်ထပ် ကျေးရွာပေါင်း(၂)ရွာ အိမ်ထောင်စု(၂၅၄)စု  ဓာတ်အားစနစ်မှ ထပ်မံဓာတ်အား သုံးစွဲခွင့်ရရှိသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မှု များကြောင့် နိုင်ငံတော်မှ ငွေကျပ် (၂၈၉၀) သန်းခန့် ကုန်ကျခဲ့ပါကြောင်း၊ အဆိုပါဓာတ်အားခွဲရုံများမှ တစ်ဆင့် အနီးဝန်းကျင်ဒေသရှိ မြို့ပြနှင့် ကျေးလက်နေ ပြည်သူများ အကျိုးစီးပွား ဖြစ်ထွန်းအောင် လျှပ်စစ်ဓာတ်အားကို ပိုမိုဖြန့်ဖြူးပေးနိုင်ပြီဖြစ်ပါကြောင်း၊ ယင်းသို့ လျှပ်စစ်ဓာတ်အားကို ဒေသ တစ်ဝန်း သုံးစွဲနိုင်ခြင်းကြောင့် ပြည်သူတို့၏ လူနေမှုဘဝများသည်လည်း တိုးတက်ပြောင်းလဲလာမည် ဖြစ်ပါကြောင်း၊ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် တိုးချဲ့ဓာတ်အားပေးမည့် ကျေးရွာများ သာမက အနီးပတ်ဝန်းကျင်ဒေသရှိ မြို့နှင့် ကျေးရွာများသည်လည်း ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် ဓာတ်အားလိုင်းများ၏ Losses များကိုလည်း လျှော့ချသွားနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့် အညီ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သောကြောင့်  ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အား ရရှိ သုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်သည့်အတွက် ပြည်သူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ပြောကြား ခဲ့ပါသည်။  

             ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံများ ဖွင့်လှစ် နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး မှော်ဘီမြို့နယ်၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်နှင့် တပ်ကြီးကုန်း ကျေးရွာရပ်မိရပ်ဖ ဦးကိုကြီး တို့က ဓာတ်အားခွဲရုံများဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ခဲ့ပါသည်။

             ၎င်းနောက် 33/11 kV, 5 MVA တပ်ကြီးကုန်းဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား မုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။ ဆက်လက်၍ 33/11 kV, 5 MVA တပ်ကြီးကုန်းဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကမ္ဗည်းကျောက်စာ မော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။

             ဆက်လက်၍ 33/11 kV, 5 MVA ကျွန်းတောကုန်းဓာတ်အားခွဲရုံနှင့် အဖျောက် ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားမုခ်ဦးများအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်၊ အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဓာတ်အားခွဲရုံများ၏ ကမ္ဗည်း ကျောက်စာမော်ကွန်းများအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဓာတ်အားခွဲရုံများအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
30-Nov-2019