၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက် ဓာတ်အားခွဲရုံနှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ လက်ခုပ်ကုန်း-ပိုးယဉ်စုဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲ အခမ်းအနားများကို ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌ အသီးသီး ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကော့မှူးမြို့နယ် နှင့် ကွမ်းခြံကုန်းမြို့နယ်များအတွင်းရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးပေး ရန်အတွက် 33/11 kV, 5 MVA ဝါးဘလောက်သောက် ဓာတ်အားခွဲရုံနှင့် လက်ခုပ်ကုန်း-ပိုးယဉ်စု ဓာတ်အားခွဲရုံ တို့အား ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အမှာ စကားပြောကြားရာတွင် မကြာမီ ကျင်းပတော့မည့် နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ဓာတ်အား သုံးစွဲမှု ၅၀ရာခိုင်နှုန်းပြည့်မြောက်သည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ယနေ့တွင် 33/11 kV, 5 MVA ဓာတ်အားခွဲရုံများဖြစ်သည့် ဝါးဘလောက်သောက် ဓာတ်အားခွဲရုံနှင့် လက်ခုပ်ကုန်း-ပိုးယဉ်စုဓာတ်အားခွဲရုံများအား ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများဖြစ်တဲ့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့် လျှပ်စစ်မီး တိုးတက်ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်နေပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လည်း အမျိုးသားလျှပ်စစ်နှင့်စွမ်းအင်မူဝါဒနှင့်အညီ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လိုအပ်ချက် များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းနိုင်ရေးတို့အတွက် လျှပ်စစ်ကဏ္ဍတွင် ရေအားစွမ်းအင်၊ အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ယခု နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့သော (၃) နှစ်ခွဲ ကာလအတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် ၉၀၄ မဂ္ဂါဝပ်ခန့် တိုးတက်ထုတ်လုပ်ပေးခြင်းဖြင့် လည်းကောင်း၊ မဟာဓာတ်အားလိုင်းနှင့် ဆက်စပ်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့် ဓာတ်အားလိုင်းနှင့် ခွဲရုံများ စုစုပေါင်း မိုင် ၁၉,၆၀၀ ကျော်အား တိုးချဲ့တည်ဆောက်ပေးခြင်းဖြင့်လည်းကောင်း၊ လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တစ်ဖက်တွင် လည်း ဓာတ်အားစနစ်မှတိုးချဲ့၍ ကျေးလက်မီးလင်းရေး ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေး ခဲ့ရာ မြို့ပေါင်း (၃၆၈) မြို့နှင့် ကျေးရွာ စုစုပေါင်း ၁၇,၀၀၀ ခန့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ခဲ့ပြီး ဖြစ်ကာ မကြာမီကာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင် နှုန်းအထိ သုံးစွဲနိုင်တော့မည် ဖြစ်ပါကြောင်း။
ဆက်လက်၍လည်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတစ်ဝှမ်းလုံး ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရန် ရည်မှန်းချက် ချမှတ်၍ ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေတို့ကို အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများအားလုံးကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း ရရှိ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
ယနေ့ ဖွင့်လှစ်နိုင်ခဲ့သည့် ဓာတ်အားခွဲရုံများကြောင့် ကော့မှူးမြို့နယ်မှာ ကျေးရွာပေါင်း (၂၀) ရွာ၊ အိမ်ထောင်စု (၃,၉၀၀) စုခန့်နှင့် လက်ခုပ်ကုန်းမြို့နယ်မှာ ကျေးရွာပေါင်း (၉) ရွာ၊ အိမ်ထောင်စု ပေါင်း (၂,၂၀၀) စုခန့် ဓာတ်အားစနစ်မှ တည်ငြိမ်သော လျှပ်စစ် ဓာတ်အားကို ထပ်မံသုံးစွဲခွင့် အကျိုးကျေးဇူးများအား ရရှိသွားပြီ ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းဖြင့် တိုးချဲ့ဓာတ်အား သုံးစွဲနိုင်မည့် ကျေးရွာများသာမက အနီးပတ်ဝန်းကျင်ရှိ မြို့နှင့် ကျေးရွာများတွင်လည်း လျှပ်စစ် ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် ဓာတ်အားလိုင်းများ၏ Losses များကိုလည်း လျှော့ချသွားနိုင်မည် ဖြစ်ကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု ပမာဏလျော့နည်း ကျဆင်းစေရန်နှင့် ဓာတ်အားပြတ်တောက်မှု ကြာချိန်နှင့် အကြိမ်လျော့နည်းစေရန် နိုင်ငံ၏ တောင်နှင့် မြောက်၊ အရှေ့နှင့် အနောက်တို့တွင် ဗို့ ငါးသိန်း (၅၀၀,၀၀၀) အား ရှိသည့် မဟာဓာတ်အားလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံကြီးများ တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေအပြင် နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သော ကမ္ဘာ့ဘဏ် (World Bank) ၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်ဆောင်ရွက်ရေး အေဂျင်စီ (JICA) စသည့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများထံမှ အတိုးနှုန်း သက်သာသော ချေးငွေများရယူပြီး ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ၊ တည်ဆောက်ပြီး ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများနှင့် ဓာတ်အားပေး စက်ရုံ များ တို့ကို ပြည်သူများမှလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့် အတွက် ပြည်သူများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန်တို့ကို ပြောကြားခဲ့ပါသည်။
ထို့နောက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းနှင့် လက်ခုပ်ကုန်းမြို့ ကျေးရွာရပ်မိရပ်ဖ ဦးမြင့်သန်းတို့က ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခြင်း အတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။
၎င်းနောက် 33/11 kV, 5 MVA ဝါးဘလောက်သောက် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေး၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပါသည်။
ဆက်လက်၍ 33/11 kV, 5 MVA ဝါးဘလောက်သောက် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကမ္ဗည်းကျောက်စာမော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် 33/11 kV, 5 MVA လက်ခုပ်ကုန်း-ပိုးယဉ်စု ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား မုခ်ဦးအား တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး၊ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမန်းအောင်ကိုမင်း၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဓာတ်အားခွဲရုံ၏ ကမ္ဗည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ပါသည်။