The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် POSCO International Corporation မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (  ၁၉  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် POSCO International Corporation မှ CEO ဖြစ်သူ Mr. Kim Young-Sang ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ ၁၆:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံစဉ် POSCO International Corporation မှ ရင်းနှီးမြှုပ်နှံ၍ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရွှေစီမံကိန်းတွင် နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေးတွင်းသစ်များ တူးဖော်နေမှုနှင့် ဆက်လက်၍ ထုတ်လုပ်မှုစမ်းသပ်ရေးအစီအစဉ်များ၊ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် POSCO International Corporation တို့အကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရခိုင်ပြည်နယ်၊ မာန်အောင်နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ကုမ္ပဏီ၏ လူမှုရေးတာဝန်သိမှုအစီအစဉ် တစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့မှု၊ Liquefied Natural Gas (LNG) တင်သွင်း၍ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ပိုမိုဖြည့်တင်းအသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ၊ ဝန်ကြီးဌာနမှ ဓာတ်မြေသြဇာ ထုတ်လုပ်မှုကဏ္ဍ တိုးမြှင့်ရေးနှင့် ရေနံဓာတုဗေဒစက်ရုံများအတွက် ဆောင်ရွက်သွား မည့်အစီအမံများနှင့် သဘာဝဓာတ်ငွေ့သုံး စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေးအတွက် အစီအမံများ စသည့်ကဏ္ဍအသီးသီးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်  POSCO International Corporation မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
19-Dec-2019