နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၃ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Shwe Taung Group မှ CEO ဖြစ်သူ ဦးအောင်ဇော်နိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သြစတြီးယားနိုင်ငံ Andritz Hydro GmbH (Andritz)၊ ဂျပန်နိုင်ငံ Kansai Electric Power ၊ မြန်မာနိုင်ငံသားပိုင် Shwe Taung Group ၏ ကုမ္ပဏီခွဲဖြစ်သည့် High Tech Construction Trust Co., Ltd အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် (၆၀)မဂ္ဂါဝပ်ထွက်ရှိမည့် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် မြေယာ လျော်ကြေးကိစ္စများ၊ စီမံကိန်း၏ Detail Measurement of Survey လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေ၊ နှစ်စဉ်ပျမ်းမျှထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏနှင့် ဓာတ်အားခ နှုန်းထား တွက်ချက်မှုအခြေအနေ၊ စီမံကိန်းလုပ်ကိုင်ခွင့် Concession Agreement နှင့် ဓာတ်အားဝယ်ယူရေးစာချုပ်တွင် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များ၊ စီမံကိန်း အတွက် လိုအပ်သော ခွင့်ပြုမိန့်များရရှိရေး၊ စီမံကိန်းကုန်ကျစရိတ် တွက်ချက်မှုဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် High Tech Construction Trust Co.,Ltd ၊ Andritz Hydro GmbH (Andritz) နှင့် Kansai Electric Power တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။