၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် (၃) ဆိုင်တို့တွင် မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူးရောင်းချနေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ် (၀၀၈) ပုလဲ သို့ရောက်ရှိရာ အရောင်းဆိုင်တာဝန်ခံမှ မော်တော်ယာဉ်များသို့ CNG ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြား ခဲ့ပြီး သဘာဝဓာတ်ငွေ့ လာရောက်ဖြည့်တင်းသော ယာဉ်မောင်းများအားတွေ့ဆုံ၍ ဓာတ်ငွေ့ဝယ်ယူဖြည့်တင်း ရာတွင် ကြုံတွေ့ရသော အခက်အခဲများ အားမေးမြန်း၍ လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် အမှတ် (၀၄၂) ထောက်ကြန့်နှင့် ရွှေပြည်သာမြို့နယ်ရှိ (၀၂၇) ရွှေပြည်သာ-၂ တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး (၀၄၂) ထောက်ကြန့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်၏ အစည်းအဝေးခန်းမတွင် CNG အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများမှ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ပြဌာန်းထားသော Standard Operating Procedure (SOP) များအတိုင်း လိုက်နာဆောင်ရွက်ရေး၊ သဘာဝဓာတ်ငွေ့အရောင်းဆိုင်ရှိ ဝန်ထမ်းများမှ ပြည်သူသို့ဓာတ်ငွေ့များ ဖြန့်ဖြူး ရောင်းချရာတွင် ဆက်ဆံရေးပြေပြစ်စွာဖြင့် ပြောဆိုဆက်ဆံကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အဆင့်ဆင့်ညွှန်ကြားထားရန် လိုအပ်ပါကြောင်း၊ ၂၄ နာရီ ပိတ်ရက်မရှိ ရောင်းချ နေရသည်ဖြစ်၍ ညအချိန်တွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါ သည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့ကို ၁၉၈၆ ခုနှစ်တွင် အရောင်းဆိုင် ၃ ဆိုင်ဖြင့် စတင်ဖြန့်ဖြူးရောင်းချခဲ့ရာမှ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၁ ဆိုင်၊ မန္တလေး တိုင်းဒေသကြီးတွင် အရောင်းဆိုင် ၂ ဆိုင်နှင့် မကွေးတိုင်းဒေသကြီးတွင် အရောင်းဆိုင် ၃ ဆိုင်၊ စုစုပေါင်း ၄၆ ဆိုင် အထိ တိုးတက်လာခဲ့ပြီး သဘာဝဓာတ်ငွေ့သုံး (Natural Gas Vehicle-NGV) မော်တော်ယာဉ် ၂၈၂၉၉ စီး တို့အား နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗပေ (၂၃) သန်းခန့် အသုံးပြု၍ 1 kg လျှင် ၂၇၃.၂၅ ကျပ်နှုန်းဖြင့် နေ့စဉ်စုစုပေါင်း kg 510000 ကျော်ခန့်အား ရောင်းချပေးလျက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော အရောင်းဆိုင် များအား ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် CNG ဆိုင်နေရာသစ်များ ထပ်မံဖွင့်လှစ်နိုင်ရေးကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ CNG အရောင်းဆိုင်များတွင် နည်းပညာမြင့် CNG Compressor စက်သစ်များ အစားထိုးတပ်ဆင် ထားသောကြောင့် ဓာတ်ငွေ့ဖြည့်တင်းမှု ပိုမို မြန်ဆန်လာပြီး အရောင်းဆိုင်ပြင်ပလမ်းမပေါ်တွင် ယာဉ်တန်းစီမှု လျော့နည်းလျက်ရှိပါ သည်။ ရောင်းချနေသည့် CNG ဈေးနှုန်းသည် ၁ ဂါလံလျှင် (၁၀၀၀)ကျပ်နှုန်းနှင့် ညီမျှရာ ဒီဇယ်၊ ဓာတ်ဆီတို့၏ ဈေးနှုန်းထက် (၃) ဆခန့် သက်သာသဖြင့် ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးကဏ္ဍများတွင် သက်သာစွာအသုံးပြုလျက် ရှိပါသည်။