The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် အင်းစိန်မြို့နယ်ရှိ ပင်မသဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်း (ရွာမ)နှင့် CNG အိုးမျာကြံ့ခိုင်မှုစမ်းသပ်စစ်ဆေးသည့် စက်ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၇ ) ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်)  ဒေါက်တာထွန်းနိုင် သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပင်မသဘာဝ ဓာတ်ငွေ့ထိန်း/ဖြန့်စခန်း (ရွာမ) နှင့် သဘာဝဓာတ်ငွေ့ (CNG) အိုးများ ကြံ့ခိုင်မှုစစ်ဆေးသည့် စက်ရုံ တို့အား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇  ရက်နေ့ မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

            ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ပင်မသဘာဝဓာတ်ငွေ့ထိန်း/ဖြန့်စခန်း (ရွာမ) သို့ရောက်ရှိရာ စခန်းတာဝန်ခံမှ သဘာဝဓာတ်ငွေ့များကို လက်ခံ/ထိန်းညှိ ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြီး  မြန့်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ​ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များအား   ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ကုန်းတွင်းနှင့်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားမြို့နယ်များသို့ ဖြန့်ဖြူး ပေးရာတွင် ပင်မသဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်း (ရွာမ) သည် အဓိကအရေးကြီးသည့်စခန်း တစ်ခု ဖြစ်ပါကြောင်း၊ ယခု ကုန်းတွင်းနှင့် ကမ်းလွန်စီမံကိန်းများမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအပြင် နောင် အနာဂတ်ကာလတွင် ပြည်ပမှ LNG ဓာတ်ငွေ့များတင်သွင်းဖြန့်ဖြူးလာမည်ဖြစ်ရာ ပိုက်လိုင်း ကွန်ယက်၌ လိုအပ်သော စက်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် အရေးပေါ်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ဘေးအန္တရာယ်ကင်းစွာလုပ်ဆောင်နိုင်ရေး ကြိုတင်လေ့ကျင့်ထားရန် မှာကြား ခဲ့ပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

            အဆိုပါ သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်း (ရွာမ) ၏ လက်အောက်တွင် သဘာဝ ဓာတ်ငွေ့ထိန်း/ဖြန့်စခန်းပေါင်း (၂၄) ခုရှိပြီး သဘာဝဓာတ်ငွေ့များကို ရတနာကမ်းလွန် စီမံကိန်း မှ ကုဗပေ ၂၂၅ သန်းခန့်၊ ဇောတိကကမ်းလွန်စီမံကိန်းမှ ကုဗ​ပေ ၈၅ သန်းခန့်နှင့် ကုန်းတွင်း သဘာဝဓာတ်ငွေ့မြေများမှ ကုဗပေ ၂၀ သန်းခန့် အား သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့်စခန်း (ရွာမ)မှ ပြည်တွင်းသို့ ထိန်းသိမ်း ဖြန့်ဖြူး ပေးလျက်ရှိပါသည်။

            ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါဝန်းအနီးရှိ  သဘာဝဓာတ်ငွေ့ (CNG) အိုးများ ကြံ့ခိုင်မှုစစ်ဆေးသည့်စက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံရှင်းလင်းဆောင်တွင် CNG အထွေထွေမန်နေဂျာမှ သဘာဝဓာတ်ငွေ့ (CNG) အိုးများကြံ့ခိုင်မှု စစ်ဆေးသည့်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေပုံအား လက်တွေ့ရှင်းလင်းပြသပါသည်။ ရှင်းလင်းပြသမှုအပေါ် ဒုတိယ ဝန်ကြီးက Cylinder အိုးများ အသုံးပြုမောင်းနှင်နေသော မော်တော်ယာဉ်များသည် ခရီးသွား ပြည်သူ အများအပြားကို သယ်ယူပို့ဆောင် ပေးနေရသောကြောင့် Cylinder အိုးများကြံ့ခိုင် ကောင်းမွန်ရေးသည် အရေးကြီးပါကြောင်း၊ Cylinder အိုးများအားကြံ့ခိုင်မှု စစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး (CNG) အိုးများ ကြံ့ခိုင်မှုစစ်ဆေး လုပ်ကိုင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

            မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ (CNG) အိုးများ ကြံ့ခိုင်မှုစစ်ဆေးသည့်စက်ရုံ များကို ၂၀၁၃ ခုနှစ်တွင် သာကေတတွင်တစ်ရုံနှင့် ၂၀၁၇ ခုနှစ်တွင် ရွာမတွင် တစ်ရုံတည်ဆောက် ပြီးစီး၍ အဆိုပါစက်ရုံနှစ်ရုံမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၈၄၇၉၄ လုံးအားစမ်းသပ်စစ်ဆေး ပေးနိုင်ခဲ့ပါသည်။ အထက်မြန်မာပြည် မန္တလေး၊ မကွေးနှင့် ချောက်ဒေသရှိ (CNG) အိုးများအား စစ်ဆေးပေးနိုင်ရန်အတွက် သာကေတရှိိ စက်ရုံအား မန္တလေးသို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုအခါ သဘာဝဓာတ်ငွေ့ရည် LPG သုံးစွဲမှု ပိုမိုများပြားလာပြီး LPG အိုးများ၏ ကြံ့ခိုင်မှု စစ်ဆေးပေးနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Post under by : ဝန်ကြီးရုံး
27-Dec-2019