၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၀ ) ရက်
နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက် နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ဓာတ်အားပေး စက်ရုံမှူးများ၊ စီမံကိန်းမန်နေဂျာများ၊ ပင်မဓာတ်အားခွဲရုံမှူးများ၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်/ မြို့နယ်တို့၏လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့်ဌာန ဖြစ်သည့်အတွက် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး ဌာနအလိုက် ဆောင်ရွက်ထားမှုအပေါ် ပေါင်းစပ်ညှိနှိုင်းရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်သည် လျှပ်စစ်ဓာတ်အားဖြစ်သည့်အတွက် ဝန်ကြီးဌာန အနေဖြင့် အနာဂတ်လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး ရည်မှန်းချက် အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ၅၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရာနှုန်းပြည့် လျှပ်စစ်မီးသုံးစွဲနိုင်အောင် စီမံဆောင်ရွက်လျက်ရှိသည်ဟု အားလုံးသိရှိ ထားပြီး ဖြစ်သဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်သုံးစွဲမှုတိုးတက်လာ သကဲ့သို့ လျှပ်စစ်ထုတ်လုပ်မှုကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်၍ သတ်မှတ်ရက်များတွင် အချိန်မီ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စုစုပေါင်းဓာတ်အားလိုအပ်ချက်မှာ ၄၂၀၀ မဂ္ဂါဝပ်ခန့် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်အောင် ထုတ်လုပ်မှုအပိုင်းတွင်လည်း အချိန်တို ကာလအတွင်း မိမိတို့လိုအပ်သည့်ဓာတ်အား ပြည့်မီစေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများထံ ရရှိစေရန် ပို့လွှတ်ရေးအပိုင်းနှင့် ဖြန့်ဖြူးရေး အပိုင်းတို့မှာလည်း အရေးပါလျက်ရှိပါကြောင်း၊ ထို့အပြင် သဘာဝဓာတ်ငွေ့ပို့လွှတ်မှုအပိုင်း တွင် မမျှော်မှန်းနိုင်သော ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေး နေသော စက်ရုံများ၏ ထုတ်လုပ်မှုအပိုင်းကို ရေအားလျှပ်စစ်အပါအဝင် Generation Mix ဖြင့် ဖြည့်စွက် မောင်းနှင်ပေးရန် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုအပိုင်းကို လည်း သတ်မှတ် Planned, Shutdown အပြင် မမျှော်မှန်းနိုင်သော ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်မီပြုပြင်နိုင်ရန် အရန်စက်များ၊ ပိုက်လိုင်းများ၊ လူ၊ ယန္တရားများကို အသင့်စုဖွဲ့ထားရန် လိုအပ်ကြောင်း၊ နွေရာသီကာလတွင် ဓာတ်အားသုံးစွဲမှု တိုးမြင့်လာ သည်နှင့်အမျှ ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် ဓာတ်အားခွဲရုံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီး သဖြင့် ကြိုတင်၍ ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ်တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးတို့အတွက် လိုင်းသန့်ရှင်းရေးပြုလုပ်ခြင်း အပါအဝင် ထိန်းသိမ်း ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သယ်ယူပို့ဆောင်ပေးနေသော ဓာတ်အားလိုင်းများ အနေဖြင့်လည်း လိုင်းတစ်လိုင်း အပြစ် ဖြစ်ပွားချိန်၌ အခြားလိုင်းတစ်လိုင်းမှ ပြန်လည် ပေးအပ်နိုင်ရန် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပို့လွှတ်မှု/ဖြန့်ဖြူးမှုအပိုင်းတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် ရရှိသည့်အချိန်၊ ရရှိသည့် ဘဏ္ဍာငွေ မျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ကို ပြည်သူလူထုနှင့် အနီးကပ်ဆုံးဖြစ်သည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများအနေဖြင့် ပြည်သူလူထု သိရှိအောင် ချပြရှင်းလင်းရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့် အလျောက် မိမိတို့လုပ်ဆောင်မှုများအပေါ် ပြည်သူများမှ နားလည်လက်ခံလာစေရေး ထိတွေ့ပြောဆို ချပြဆောင်ရွက်သွားရန် လိုအပ်ကြောင်း နှင့် Customer Services ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပိုင်းတွင် သိသိသာသာ တိုးတက်ကောင်းမွန်လာအောင် ရည်မှန်းချက်ထားဆောင်ရွက်ရန်နှင့် ပြည်သူလူထုသို့ အရည် အသွေး ပြည့်ဝပြီး တည်ငြိမ်သည့်လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်းများမှ တာဝန်ရှိသူအသီးသီးက ၂၀၂၀ ပြည့်နှစ် နွေရာသီ ကာလတွင် ဓာတ်အားစဉ်ဆက် မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ထုတ်လုပ်မည့်အစီအမံများ၊ တိုးတက်သုံးစွဲလာမည့်ဝန်အားအခြေအနေ၊ ဓာတ်အား ပြတ်တောက်မှု မဖြစ်ပေါ်စေရေးဆောင်ရွက်သွားမည့် အစီအမံများ၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့နည်း စေရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာ အသီးသီးမှ ခရိုင်အလိုက် အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်း၊ ဆောင်ရွက်နေမှု၊ ဆောင်ရွက်မည့်အစီအမံများအား လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ်နှင့် စက်မှုလက်မှုလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း တို့က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ပါသည်။