၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၃၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် နိုင်ငံတကာ ကုမ္ပဏီများနှင့်ပူးပေါင်း၍ ရှာဖွေတူးဖော်ရေးလုပ်ငန်းများအား အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ ဆူးကော်ဆန်ကျေးရွာအုပ်စု၊ အောင်မြေကုန်းကျေးရွာအနီးရှိ ကုန်းပိုင်းလုပ်ကွက် အမှတ် RSF-5 တွင် ရှာဖွေရေးအစမ်းတွင်း ရွှေနန်းထိုက်အမှတ်-၁ ပေနက်တွင်း စတင် တူးဖော်ခြင်းအခမ်းအနားကို တွင်းတူးမည့်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ Eni Myanmar B.V ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက် ကြပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနကိုယ်စား တက်ရောက်ဖွင့်လှစ်ပေးရသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် Eni Myanmar B.V တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကုန်းပိုင်းလုပ်ကွက်၊ ရွှေနန်းထိုက်-၁ အောင်မြင်စွာ တူးဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခု တူးဖော်ခြင်းအတွက် သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ််ခြင်း (ESHIA) ထောက်ခံချက်နှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေစဉ်အတွင်း ဘေးအန္တရာယ်တစ်စုံတစ်ရာ ထိခိုက်မှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရေးတို့အတွက် အလေးထား ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း၊ နည်းပညာဆိုင်ရာ အကူအညီများကို သင်တန်းပို့ချပေးစေ လိုပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဤစီမံကိန်းဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြပြီး Eni Myanmar B.V ကုမ္ပဏီမှ Managing Director မှ လုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးနှင့် Eni Myanmar B.V ကုမ္ပဏီမှ Managing Director တို့မှ ရွှေနန်းထိုက်-၁ ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ AD-2 တွင်းတူးစက် ပေါ်တွင် ဒုတိယဝန်ကြီးမှ စက်ခလုတ်နှိပ်၍ စတင်တူးဖော်ပေးခဲ့ပါသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Eni Myanmar B.V ကုမ္ပဏီမှ ကုန်းပိုင်းလုပ်ကွက်အမှတ် RSF-5 ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းဆိုင်ရာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး Eni Myanmar B.V ကုမ္ပဏီမှ 3D Seismic တိုင်းတာခြင်းလုပ်ငန်းကို ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြီးစီးခဲ့ ပါသည်။ တိုင်းတာမှုရလဒ်များအပေါ် အခြေခံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ခိုအောင်းတည်ရှိနိုင်သည့် သဲကြောများအား စမ်းသပ်နိုင်ရေးအတွက် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ ဆူးကော်ဆန်ကျေးရွာအုပ်စု၊ အောင်မြေကုန်း ကျေးရွာအနီးရှိ ရွှေနန်းထိုက်-၁ တွင်းအား အနက်ပေ ၁၂၆၀၀ ကျော် တူးဖော်သွားမည် ဖြစ်ပါသည်။