မာန်အောင် ဒီဇင်ဘာ ၁၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူ များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ဦးတင်လတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ တာဝန်ရှိသူ များနှင့် ဒေသခံတိုင်းရင်းသားများက သံတွဲလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြပြီး မာန်အောင်မြို့သို့ ရောက်ရှိကြရာ ရခိုင်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မာန်အောင် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ထို့နောက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကား ပြောကြားသည် ။ (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏အမှာစကားကို သီးခြားဖော်ပြထားပါသည်။)
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရခိုင်ပြည်နယ် အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားတိုးတက်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသော်လည်း မာန်အောင်မြို့နယ်သည် ကျွန်းမြို့ဖြစ်သည့်အတွက် ဓာတ်အားပေးနိုင်မည့် နည်းလမ်းများကို ကြိုးစားရှာဖွေခဲ့ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ POSCO International Corporation တို့ ပူးပေါင်းပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ် ဆောင်ရွက်ခဲ့ရာ Hybrid System - ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှု စနစ်(ESS- Energy Storage System) သည် အသင့်တော်ဆုံးနည်းလမ်းဖြစ်သည် ကို သိရှိခဲ့ရသဖြင့် POSCO International Corporation နှင့်ပူးပေါင်း၍ နေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ဆောင်ရွက်ခဲ့ပါကြောင်း။
ယခု နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှု ကြောင့် မာန်အောင်မြို့နယ်အတွင်းရှိ လူမှုစီးပွားဘဝများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးများ၌ အထောက်အကူဖြစ်မည်ဖြစ်ပြီး ဒေသထွက်ပစ္စည်းများ အခြေခံ၍ အသေးစား အလတ်စား စက်မှု လုပ်ငန်းများလည်း ထူထောင်နိုင်မည် ဖြစ်ကာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်းအပါအဝင် အခြားကဏ္ဍများအတွက်လည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။
ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲ နိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လျှပ်စစ် ဓာတ်အား တိုးတက်ရရှိလာသည်နှင်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအားလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ခြင်းကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူ တစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့် ဒေသများကို ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘ ပြည်သူများကလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြား သည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ဆောင်ရွက်နေမှုများနှင့် မာန်အောင်မြို့ နယ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အဆင့်လိုက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် POSCO International Corporation မှ Chief Executive Officer Mr. Kim Young Sang က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးမျိုးမြင့်ဦးက မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင် ထံလွဲပြောင်းပေးအပ်သည်။
ထို့နောက် မာန်အောင်မြို့နယ်ပြည်သူများကိုယ်စား မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဦးတင်နုအောင်က ယနေ့သည် မိမိတို့ မာန်အောင်ကျွန်းပေါ်တွင် နေထိုင်ကြသည့် ပြည်သူများအတွက် အိမ်မက်တစ်ခု အကောင်အထည်ပေါ်လာသည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ မိမိတို့ တစ်ရက်တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိခဲ့သည့်နေ့ တစ်ရက်မှ မရှိခဲ့ပါကြောင်း၊ မိမိတို့မှာ ရေနံဆီမီး ခွက်ဖြင့် ကြီးပြင်းခဲ့ရသူများဖြစ်ပါကြောင်း၊ ယခု၂၄နာရီလျှပ်စစ်မီးရရှိမည်ဖြစ်သည့် အတွက် မိမိတို့ သား၊သမီး၊ မြေး၊ မြစ်များ၏ ပညာရေး၊ကျန်းမာရေး၊ လူမှုရေးစသည့် လူမှုဘဝများ မြင့်မားလာကြ မည်ဖြစ်ပါကြောင်း၊ ထို့အတွက် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှ Chief Executive Officer Mr. Kim Young Sangတို့ကမာန်အောင်မြို့ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေရောင်ခြည်စွမ်းအား ရယူပြီး လျှပ်စစ် ဓာတ်အားထုတ်ရန် တပ်ဆင်ထားသည့် Solar ပြား များအား ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆန်းဟွာနှင့် POSCO International Corporation မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယခုဖွင့်လှစ်သည့် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် POSCO International Corporationမှ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ လူမှုတာဝန်သိ အစီအစဉ်တစ်ရပ် အနေဖြင့် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ဒဿမ၅သန်း အကုန်ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဒီဇယ်ဓာတ်အားပေးစက်များနှင့် အချိန်ပိုင်း ဖြန့်ဖြူးပေးနေသည့် မာန်အောင်မြို့ပေါ် (၅)ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၄၃၅)စုအား ယခုဖွင့်လှစ်သည့် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင် သိုလှောင်မှု ပေါင်းစပ် စနစ်ဖြင့် အချိန်ပိုမို၍ ဓာတ်အားပေးသွားနိုင်မည် ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိသည့် မာန်အောင်မြို့နယ်အား လျှပ်စစ် ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက် ဖြစ်နိုင်မည့် နည်းလမ်းများအား ဆန်းစစ်ကြည့်ရာတွင် အကောင်းဆုံးနှင့် အသင့်တော်ဆုံးနည်လမ်းဖြစ်သည့် နေရောင်ခြည်စွမ်းအင် သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရွေးချယ်ခဲ့ကာ ယခုစီမံကိန်းမှာ အဆင့်(၁)ဖြစ်ပြီး Solar Panelအရေအတွက် ၁၄၁၁ခု၊ ဘထ္ထီရီ ၇၂၀ ခု တပ်ဆင် ထားပြီး ဝဒဿမ၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး Energy Storage System ၂ နာရီ သိုလှောင်နိုင်စွမ်းရှိကြောင်း၊ ယခုစီမံကိန်းတွင် အသုံးပြုသည့် Energy Storage System နှင့် Diesel Hybrid System မှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြု ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စီမံကိန်းအဆင့်(၂)ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူ များနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အား ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများရှိပြီး ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသများသို့လည်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အားပေးခြင်း၊ အသေးစားရေအား လျှပ်စစ်ဓာတ်အားပေးစက်များ၊ လေစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း။
လက်ရှိအစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ အထိ ၃ နှစ်ခွဲကာလအတွင်း ၉၀၄ မဂ္ဂါဝပ် ၊ ဓာတ်အားလိုင်းမိုင် စုစုပေါင်း ၁၉,၆၁၁ မိုင်၊ ဓာတ်အားခွဲရုံ စုစုပေါင်း ၁၂,၆၃၅ အမ်ဗွီအေ တို့ကို တိုးတက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ထိုသို့ ၃ နှစ်ခွဲ ကာလအတွင်း မြို့ပေါင်း (၇၂)မြို့၊ ကျေးရွာပေါင်း (၆,၀၃၈)ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားသုံးစွဲနိုင်အောင် ပိုမို တိုးချဲ့ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ မီးသုံးစွဲသူ ၃၄ရာခိုင်နှုန်း သာရှိခဲ့ရာမှ ယခုအခါ ၅ဝဒဿမ ၀၉ရာခိုင်နှုန်း အထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာသကဲ့သို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း လာမည့်နှစ် တွင် ၁,၁၆၆ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း။
ရခိုင်ပြည်နယ်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး နိုင်ရန် ၂၀၁၁ ခုနှစ်က စတင်ပြီး ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်တော်နှင့်ပတ်ဝန်းကျင်ကျေးရွာများကို နိုင်ငံတော်ဓာတ်အားစနစ်ကမှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ထိုမှတဆင့် မအီ၊ မင်းပြားနှင့် ပတ်ဝန်းကျင် ကျေးရွာများကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ဓာတ်အားခွဲရုံ (၂)ရုံကို ၂၀၁၆ ခုနှစ် တွင်လည်းကောင်း၊ ဂွမြို့နယ်နှင့် အနီးတစ်ဝိုက်ဒေသ များကိုလည်း ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်အတွက် လိုအပ်သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တစ်ရုံတို့ကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း ဖွင့်လှစ်ပေးနိုင် ခဲ့ပြီး ဖြစ်ကြောင်း။
အစိုးရတာဝန်ယူပြီး (၃)နှစ်ခွဲ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ ဂွမြို့အပါအဝင် မအီ၊ မင်းပြား၊ ဂွ၊ ကျိန္တလီ၊ မြေပုံ၊ ပေါက်တော၊ စနဲ၊ ကမ်းထောင့်ကြီး၊ တပ်တောင်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့များကို လျှပ်စစ်ဓာတ်အားရရှိ အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မောင်တောမှတဆင့် ကြိမ်ချောင်းသို့လည်း လိုအပ်သည့် ဓာတ်အားလိုင်း တည်ဆောက်ပြီး ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ မြို့ပေါင်း(၂၃) မြို့၊ ကျေးရွာ(၅၆၁)ရွာ၊ အိမ်ထောင်စု(၁၂၆၅၉၅) စုကို ဓာတ်အားပေးနိုင်ပြီးဖြစ်သည့် အတွက် ရခိုင်ပြည်နယ်တစ်ခု လုံး၏ Electrifi- cation Ratio မှာ၃ဝဒသမ၅၅ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိလျက် ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်းအထိလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ရာခိုင်နှုန်း အထိလည်းကောင်း ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်းသိရသည်။