၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အကောင် အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကမာကလုတ်/ ကရင်ချောင်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်က အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးတို့အား အဓိကအခန်းကဏ္ဍမှ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ရည်မှန်းချက် ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းအထက် နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အား ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများရှိသကဲ့သို့ ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသများသို့လည်း လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အားပေးခြင်း၊ အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက် များ၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေး နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်က ကမာကလုတ် ကျေးရွာနှင့် ကရင်ချောင် ကျေးရွာ အပါအဝင် ကျောက်တန်းမြို့နယ်နှင့် တံတားမြို့တို့ရှိ ဇွဲကနာကျေးရွာ၊ မင်းဂလွန်းကျေးရွာ၊ အစဲကျေးရွာ၊ နရွဲချောင်ကျေးရွာ၊ ခနောင်ကျေးရွာ၊ မြကိုင်းကျေးရွာ၊ ကုလားတန်းကျေးရွာ၊ ကွနှီး ကျေးရွာနှင့် ဇွဲဘာကုန်းတန်းကျေးရွာ စုစုပေါင်း ကျေးရွာ (၁၁) ရွာသို့ 33/11 kV, 5 MVA တံတား ဓာတ်အားခွဲရုံမှတဆင့် 11 kV ကောင်းကင်ဓာတ်အားလိုင်း (၁၅.၇) မိုင်ခန့်ဖြင့် သွယ်တန်း၍ လည်းကောင်း၊ ကျောက်တန်းမြို့ရှိ မီးပြကျေးရွာ၊ ချောင်းဝကျေးရွာ၊ ဘော်ဂလွတ်ကျေးရွာ၊ ရွာသစ် ကလေးကျေးရွာ၊ ပန်းတောကျေးရွာနှင့် ဥယျာဉ်ကျေးရွာ စုစုပေါင်း ကျေးရွာ (၆) ရွာသို့ 33/6.6 kV , 10+3 MVA ကျောက်တန်းဓာတ်အားခွဲရုံမှတစ်ဆင့် 6.6 kV ကောင်းကင်ဓာတ်အားလိုင်း (၁၃.၅) မိုင်ခန့် သွယ်တန်း၍လည်းကောင်း အသီးသီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ ထိုသို့ ဓာတ်အားလိုင်းမိုင် ရှည်လျားစွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားရသည့်အတွက် ဓာတ်အားပျောက်ဆုံးမှု များပြားရသည့် အပြင် ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်၍ ဓာတ်အားပြတ်တောက်သည့်အခါ လိုင်းရှည်လျားမှုကြောင့် အပြစ် ရှာဖွေရသည့်အချိန် ကြာမြင့်သဖြင့် ဓာတ်အားပြတ်ချိန် ကြာမြင့်ခြင်းအပြင် ဓာတ်အားပြတ်တောက်မှု အကြိမ်ရေလည်း များလာခြင်း တို့ကြောင့် မိဘပြည်သူများ လျှပ်စစ်မီးသုံးစွဲရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်၍ ယခုဓာတ်အားခွဲရုံ အနီးဝန်းကျင်ရှိ ကျောက်တန်းမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ အဆင်မပြေမှုများ လျော့နည်းသွားစေရန်အတွက် ယခုဓာတ်အားခွဲရုံကို တိုးချဲ့ တည်ဆောက်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုလို ဓာတ်အားခွဲရုံများ ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ဓာတ်အားခွဲရုံ နှင့် ဆက်စပ်နေသည့်ဒေသများတွင် နေထိုင်ကြသည့် မိဘပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစစ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း မုချမသွေ တိုးတက် ရရှိလာမည်ဖြစ်ပါကြောင်း၊ ယခု ဓာတ်အားခွဲရုံ ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် ရှည်လျားစွာ သွယ်တန်းပြီး ဓာတ်အားပေးနေရသည့် ယခင်ဓာတ်အားလိုင်းများမှ မဟုတ်တော့ဘဲ ယခုဓာတ်အားခွဲရုံ အသစ်မှ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်သည့်အတွက် ဓာတ်အားလိုင်းတိုသွားပြီး ပိုမိုတည်ငြိမ်၍ စွမ်းအားပြည့်ဝသည့် လျှပ်စစ်ဓာတ်အား ရရှိနိုင်လာမည်ဖြစ်ပါကြောင်း၊ ကျောက်တန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၅) ရွာနှင့် အိမ်ထောင်စုပေါင်း (၉၆၄) စု ထပ်မံ ဓာတ်အား ရရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၅)ရွာ၊ အိမ်ထောင်စု(၇၂၆)စု ထပ်မံ၍ လျှပ်စစ် ဓာတ်အားရရှိလာမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ယခုအချိန်အထိ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ကျပ် ၂၃၂၇ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ၉၀၀ မဂ္ဂါဝပ်ကျော် ထပ်တိုးထုတ်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အားကို တည်ငြိမ်ပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန်အတွက် ဓာတ်အား ခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင်ခြင်းတို့အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ယခုအချိန်အထိ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ကျပ် ၁၇၉.၆၉ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံဆောင်ရွက် ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၃၂.၆ ဘီလီယံခန့်ကို အကုန်ကျခံ၍ 33/11 kV, 5 MVA ဓာတ်အားခွဲရုံ(၇)ရုံ၊ 33 kV ဓာတ်အားလိုင်း (၆၁) မိုင်ခန့်၊ 11 kV ဓာတ်အားလိုင်း (၂၆၇) မိုင်ခန့်၊ ဓာတ်အားဖြန့်ဖြုးရေး ထရန်စဖော်မာ (၃၀၂) လုံး၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း (၂၀၈) မိုင်ခန့် အသစ်တည်ဆောက်ပြီး၊ တောင်ပိုင်း ခရိုင်အတွင်း ကော့မှူး၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ တွံတေး မြို့နယ်(၄)မြို့နယ်နှင့် မြောက်ပိုင်းခရိုင် အတွင်း မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့နယ်(၄)မြို့နယ်တို့အတွင်းရှိ ကျေးရွာအချို့ကို ထပ်မံ၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း (၁,၀၈၅) ရွာ မီးလင်းခဲ့၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၂၆၉) ရွာ ထပ်မံမီးလင်းခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၆၄ ရာခိုင်နှုန်းခန့် မီးလင်းပေးနိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ (၄၉၅) ရွာ လျှပ်စစ်မီးရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ရရှိ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျန်သည့် (၂၅၉) ရွာ လျှပ်စစ် ဓာတ်အား ရရှိရန်အတွက် ဆောင်ရွက်ပေးရန် စီစဉ် လျာထားပြီး၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေပြည်သူများအားလုံး ရာခိုင်နှုန်းအားဖြင့် (၁၀၀) ရာခိုင်နှုန်းအထိ လျှပ်စစ် ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးကို ဦးစားပေး ဆောင်ရွက် လျက်ရှိပြီး လျှပ်စစ်ဓာတ်အားတိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့်ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းကူညီဆောင်ရွက် ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့် ဒေသများသို့ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင် ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပြီး ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး နှင့် ကျောက်တန်းမြို့နယ်၊ ကမာကလုတ် ကျေးရွာရပ်မိရပ်ဖ ဦးတင်မိုးလွင်တို့က ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား ခဲ့ပါသည်။
၎င်းနောက် 33/11 kV, 5 MVA ကမာကလုတ်/ကရင်ချောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနား မုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၊ ရန်ကုန် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြပါသည်။
ထို့နောက် 33/11 kV, 5 MVA ကမာကလုတ်/ကရင်ချောင်ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနား ကမ္ဗည်းကျောက်စာ မော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ ပါသည်။