The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်း (၁၇၈.၅၆) မိုင်နှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (  ၁၁  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်း (၁၇၈.၅၆) မိုင်နှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ရွှေဘိုပင်မ ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီ အချိန် တွင် အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တရုတ်နိုင်ငံသံရုံးမှ Economic Counselor ဖြစ်သူ Mr. Tan Shufu နှင့် တာဝန်ရှိသူများ၊ Central China Power Grid (CCPG) ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာတွင်  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းအထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့်  ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းထိ အပြည့်အဝ လျှပ်စစ်ဓာတ်အား ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများ ရှိသကဲ့သို့ ဓာတ်အားစနစ် နှင့် ဝေးကွာသောဒေသများသို့ လည်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည် စွမ်းအင်အသုံးပြု၍ ဓာတ်အားပေးခြင်း၊ အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက် များ၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေး နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိသည့်အပြင် ရရှိသုံးစွဲပြီး ပြည်သူများကိုလည်း တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုတည်ဆောက်ခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့ရခြင်းမှာ ဗန်းမော်ဒေသရှိ တာပိန်(၁) ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိ လာမည့် လျှပ်စစ်ဓာတ်အားကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ငြိမ်၍ ဗို့အားပြည့်မီသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၂၃၀ ကေဗွီ ဗန်းမော် - နဘား ဓာတ်အားလိုင်း ၇၅ မိုင်၊ ၂၃၀ ကေဗွီ ဗန်းမော်နှင့် နဘားဓာတ်အားခွဲရုံအသစ် (၂) ရုံ တည်ဆောက်ခြင်း လုပ်ငန်းများနှင့် ၂၃၀ ကေဗွီ နဘား - ရွှေဘို - အုန်းတော ဓာတ်အားလိုင်း ၁၇၈.၅၆ မိုင်၊ ၂၃၀ ကေဗွီ ရွှေဘိုဓာတ်အားခွဲရုံနှင့် အုန်းတောဓာတ်အားခွဲရုံတွင် Switch Bay (2) Bays တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်း ၁၇၈.၅၆ မိုင်အနက် ၂၃၀ ကေဗွီ ရွှေဘို - အုန်းတော ဓာတ်အားလိုင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စမ်းသပ်ပို့လွှတ်ကာ  ရွှေဘိုမြို့ပေါ်နှင့် ရွှေဘိုစက်မှုဇုန်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်များကို လျှပ်စစ် ဓာတ်အား ပိုမိုတည်ငြိမ် ကောင်းမွန်စွာဖြင့် စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကသာ၊ ရွှေကူ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်၊ မော်လူး၊ မိုးကောင်း၊ မိုးညှင်းမြို့များကို ဓာတ်အားပိုမို တည်ငြိမ် ကောင်းမွန်စွာဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တာပိန် (၁) ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် အမြန်ဆုံး ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် ၂၃၀ ကေဗွီ ဗန်းမော်-နဘားဓာတ်အားလိုင်း (၇၅) မိုင် တည်ဆောက်ခြင်း၊ ဗန်းမော်မြို့တွင် ၂၃၀/၁၁၀/၁၁ ကေဗွီ (၂x၁၀၀) အမ်ဗွီအေ၊ ၁၁၀/၆၆ ကေဗွီ (၅၀) အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် နဘားမြို့တွင် ၂၃၀/၆၆/၁၁ ကေဗွီ (၂x၅၀) အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုလကုန်တွင် ပြီးစီးတော့ မည်ဖြစ်ပါကြောင်း၊ ယခုတွင် ဗန်းမော်မှ ဓာတ်အားဖြန့်ဖြူးရာ၌ နဘားကို ၆၆ ကေဗွီ ဓာတ်အားလိုင်း နှင့်သာ ချိတ်ဆက်ထားပြီး၊ နဘားမှတစ်ဆင့် မိုးကောင်း၊ မိုးညှင်း၊ မြစ်ကြီးနား၊ ဖားကန့် စသည့်မြို့များသို့ မလွှဲမရှောင်သာပဲ ရှည်လျားစွာ ဆွဲထားခဲ့ရသည့် အတွက် ဗို့အားမတည်ငြိမ်သည့် အခြေအနေများကို မကြာခဏ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးခဲ့သည့် ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်းနှင့် တဆက်တည်း ဖြစ်သည့် ၂၃၀ ကေဗွီ ဗန်းမော်-နဘားဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ သည်လည်း မကြာမီဖွင့်လှစ်နိုင်တော့မည်ဖြစ်သည့်အတွက် ကာမိုင်း၊ ဖားကန့်၊ တနိုင်း စသည့် မြို့များသို့ အရည်အသွေးပြည့်မီသည့် ဓာတ်အားများ ဆက်လက်ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ၁၃၂ ကေဗွီ ဝါရှောင်-ဝိုင်းမော်နှင့် ၂၃၀ ကေဗွီ ဝိုင်းမော်-နဘား ဓာတ်အားလိုင်းများကိုလည်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင်ရှိသည့် မြို့ရွာများသို့ အရည်အသွေး ပြည့်မီသည့် လျှပ်စစ် ဓာတ်အားများကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက်အခြမ်းတွင်ရှိသည့် မြို့/ရွာများသို့ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ဂန့်ဂေါ ဓာတ်အားလိုင်း (၉၅) မိုင် စီမံကိန်း ကိုလည်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဆက်တည်းတွင် အိန္ဒိယနိုင်ငံနယ်စပ်၌ တည်ရှိသည့် တမူးမြို့နှင့် ပတ်ဝန်းကျင်မြို့ရွာများသို့ နိုင်ငံတော် ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၂၃၀ ကေဗွီ ကလေး-တမူးဓာတ်အားလိုင်းမိုင် (၉၀)ကိုလည်း ဆက်လက်တည်ဆောက် အကောင်အထည် ဖော်သွားမည်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ယခင် ၂၀၁၅ ခုနှစ်၌ စုစုပေါင်း (၉၀.၇) မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၂၀ ခုနှစ်တွင် စုစုပေါင်း(၂၆၀) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာ နိုင်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် မြို့ (၂၇) မြို့၊ ကျေးရွာ (၁၃၃၅) ရွာ၊ အိမ်ထောင်စု (၃၀၅,၁၇၁) စု (၂၇.၈%) ကိုသာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ် နိုင်ခဲ့ရာမှ ယခုအချိန်ထိ မြို့ပေါင်း (၃၄) မြို့၊ ကျေးရွာ (၂၂၈၉) ရွာ၊ အိမ်ထောင်စု (၄၈၄,၀၃၁) စုကို ဓာတ်အားပေးနိုင်ပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီးတစ်ခုလုံး၏ Electrification Ratio မှာ (၄၄%) ကျော် လျှပ်စစ်ဓာတ်အားရရှိလျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ၆၀% အထိလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅% အထိလည်းကောင်း ဖြည့်ဆည်းပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံအကျဆုံးသည် လျှပ်စစ်မီးဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေနှင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲ နိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား တိုးတက်ရရှိလာသည်နှင့်အမျှ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိသည့်  ကဏ္ဍအားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အား ဖြန့်ဖြူးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဒေသခံမိဘပြည်သူများ ကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။  

             ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပါသည်။ ၎င်းနောက် CCPG ကုမ္ပဏီမှ President ဖြစ်သူ Mr. Yu Jun က ဓာတ်အားလိုင်း နှင့် ဓာတ်အားခွဲရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံ ပြည်သူ ဦးချစ်ကိုကိုက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ဖွင့်လှစ်နိုင်ခြင်းအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

             ၎င်းနောက် ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတောဓာတ်အားလိုင်း (၁၇၈.၅၆) မိုင်နှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ၊ ရွှေဘိုပင်မဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားအား စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်း၊ ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုး၊ တရုတ်နိုင်ငံသံရုံးမှ Economic Counselor ဖြစ်သူ Mr. Tan Shufu နှင့် CCPG ကုမ္ပဏီမှ President ဖြစ်သူ Mr. Yu Jun တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပါသည်။

             ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့က ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ရွှေဘိုပင်မဓာတ်အားခွဲရုံ ကမ္ဗည်း ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား များကို စက်ခလုတ်နှိပ်၍ ဗို့အားပြည့်မီစွာ ပို့လွှတ်ဖြန့်ဖြူးပေးခဲ့ပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
11-Jan-2020