The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ( ၁၉ )ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြပါသည်။

          ပထမဦးစွာ ထူးချွန်သင်တန်းသား (၂) ဦးမှ သင်တန်းတက်ရောက်ခဲ့မှုနှင့်ပတ်သက်၍ Power Point Presentation ဖြင့် ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန် ထမ်းဆောင်မှုများအလျောက် လုပ်ငန်းတာဝန်များအား ထိတွေ့ကျင်လည် သိရှိနားလည်ပြီး ဖြစ်ကြောင်း၊ ပြည်သူများ နေ့စဉ် လျှပ်စစ် သို့မဟုတ် စွမ်းအင်တစ်မျိုးမျိုးကို သုံးစွဲနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ဝန်ဆောင်မှုများ ပေးဆောင်နေရသောကြောင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်သည် အရေးကြီးကြောင်း၊ ကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ရန် ဝန်ထမ်းများသည် ပြည့်စုံကောင်းမွန်ပြီး စီမံခန့်ခွဲနိုင်သူတွေ ဖြစ်ဖို့လိုအပ်ကြောင်း၊ ယနေ့ လက်ထောက် ညွှန်ကြားရေးမှူးများသည် နောင်တစ်ချိန်တွင် ဌာနအသီးသီး၏ အကြီးအကဲများအပြင် ဝန်ကြီးဌာနအဆင့်အကြီးအကဲအထိ ဖြစ်လာနိုင်ကြောင်း၊ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်နိုင်စွမ်းနှင့် ဦးဆောင်နိုင်စွမ်းသည် ဌာနနှင့် နိုင်ငံအတွက် အလွန် အရေးကြီးကြောင်း၊ ယခုအဆင့်မှစ၍ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်း စသည့် အရည်အချင်းများသည် အဆင့်မြင့်ရာထူးများ အတွက် တာဝန်ထမ်းဆောင်နိုင်သူတွေ ဖြစ်လာမည် ဖြစ်ကြောင်း၊ နည်းပညာ၊ စီမံခန့်ခွဲမှု စသည့် အရည်အချင်းများရှိရန်လိုအပ်ကြောင်း၊ Pros and Cons အနေဖြင့် မိမိတို့တွင် Knowledge Capacity ရှိမှသာ ကိုင်တွယ်ဆုံးဖြတ်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ဆောင်ရွက်သည့်အခါ မိမိတို့ရဲ့ Knowledge Capacity ကို မြှင့်တင်နိုင်ရန် အတွက် သင်တန်းများ ပို့ချရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွေထဲမှာ စဉ်ဆက်မပြတ် ပညာတွေကို ဆည်းပူးရင်း Knowledge တွေအများကြီး စုဆောင်းသွားနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလ အတွင်း သင်တန်းဆရာ၊ ဆရာမများ၏  ပို့ချချက်များကို မှတ်သား နာယူပြီး ဆက်လက်၍ စဉ်ဆက်မပြတ် ဆည်းပူးလေ့လာရန်လိုကြောင်း၊ မိမိတို့၏ လူငယ် အင်ဂျင်နီယာဝန်ထမ်းများကို မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ယနေ့ကမ္ဘာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား အထူးစိတ်ဝင်စားစွာဖြင့် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံဆောင်ရွက်မှုအားနည်းနေကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်၍ ပိုမိုအားစိုက်လေ့လာရန်လိုအပ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား ကဏ္ဍများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ငန်းများအား ဦးစွာတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အရည်အသွေးရှိပြီး တည်ငြိမ်၍ ဗို့အား မှန်ကန်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် အရေးပါကြောင်း၊ အင်ဂျင်နီယာ ဘာသာရပ် တတ်ကျွမ်းနေရုံနှင့်မပြီးဘဲ စေတနာအပြည့်နှင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် အခွင့်အလမ်း အများအပြား ရှိသောကြောင့် အဆိုပါစီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊  ပြည်သူများ လျှပ်စစ်နှင့်ပတ်သက်သည့် သဘောသဘာဝနှင့် အကျိုးအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် နားလည်သိရှိနိုင်ရေးအတွက်   ဆောင်ရွက်ရန်လိုကြောင်း၊ မိမိလက်အောက် ဝန်ထမ်းများ ကို ပညာရပ်များဖြည့်ဆည်းပေးရန်နှင့် မိမိကိုယ်တိုင်လည်း ပညာရပ်များ ဆည်းပူး၍ လုပ်ငန်းခွင် အတွင်း အထူးစေတနာထား ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ထူးချွန် သင်တန်းသားများအား ဒုတိယဝန်ကြီးမှ ဆုချီးမြှင့်ခဲ့ပြီး ၊ ညွှန်ကြားရေးမှူးချုပ် ၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
19-Jan-2018