The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံစက်မှုကုန်ထုတ် လုပ်သူများအသင်း၏ ( ၂၂ )ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည့်သတင်း

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ  ၂၈  ရက်     

          မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၏  ( ၂၂ )ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ( ၂၈ )ရက်​နေ့ ( ၁၃၀၀ )နာရီအချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ စက်မှုလုပ်ငန်းရှင်အသင်းသူ/အသင်းသားများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာ စကားပြောကြားရာတွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအဆောက်အအုံများ မြှင့်တင်ရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုစသည်တို့အား လက်တွေ့ကျင့်ကြံ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆုံးဖြတ်ချက်မှန်ကန်ခြင်း၊ Planning ကောင်းမွန်ခြင်းနှင့် စနစ် တကျစီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထုတို့မှလည်း တာဝန်ကိုယ်စီဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ အခြေခံကျသော အခက်အခဲများကို ရှာဖွေစိစစ်၍ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည့် ( ၅၀၀၀ )မဂ္ဂါဝပ်ကို စနစ်တကျစီမံခန့်ခွဲပြီး ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် Frequency နှင့် Voltage တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးနိုင်ရန် ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင်လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု၏ (၃)ပုံ (၂)ပုံခန့်အား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်လျက်ရှိပြီး (၃)ပုံ(၁)ပုံခန့်အား သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် ပေးလျက်ရှိပါကြောင်း၊ ပြည်တွင်းသဘာဝဓာတ်ငွေ့လိုအပ်မှုကြောင့် အချို့သော သဘာဝဓာတ်ငွေ့ အသုံးပြုသည့် စက်ရုံများမှ စက်စွမ်းအားပြည့်မလည်ပတ်နိုင်ပါကြောင်း၊ ရေတိုစီမံကိန်းအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထပ်မံလိုအပ်လာမည့် (၃၀၀၀)မဂ္ဂါဝပ်ရရှိနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ အဆိုပါစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာတွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများမှ (၄၉၀)မဂ္ဂါဝပ်ခန့်၊ ခေတ်မမှီတော့သည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင်မွမ်းမံဆောင်ရွက်ခြင်းဖြင့် (၇၀၀)မဂ္ဂါဝပ်ခန့် တိုးမြှင့် ရရှိလာမည်ဖြစ်ပါကြောင်း၊ သဘာဝဓာတ် ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရေတိုနှင့် အလယ်အလတ်ကာလအတွင်း LNG တင်သွင်း၍ ဓာတ်အားပေးစက်ရုံများ တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ထို့အပြင် ဓာတ်အားပို့လွှတ်ဖြန့်ဖြူပေးနေသည့် မဟာဓာတ်အားလိုင်းကြီးများကို အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မှီမဟာဓာတ်အားလိုင်းကွန်ယက် အသစ်များ တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏမှာ (၁၀၀၀)မဂ္ဂါဝပ်မှ (၁၅၀၀)မဂ္ဂါဝပ် အတွင်း လိုအပ်လျက်ရှိသောကြောင့် အဆိုပါလိုအပ်ချက်များအား အပြည့်အဝဖြည့်ဆည်းနိုင်ရေး အတွက် စီမံကိန်းများအား စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊  အခြေခံ အဆောက်အအုံပိုမိုတိုးတက်တောင့်တင်းခိုင်မာရေး နှင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အစွမ်း ကုန်းကြိုးစားဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့မှ အမှာစကားပြောကြားကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်းနှစ်ပတ်လည်အခမ်းအနားတွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လှည်ကြည့်ရှု အားပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
28-Jan-2018