နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက်
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းတွင် အသုံးပြုမည့် ACSR Conductor များ ဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီ (၂) ခုနှင့် ပစ္စည်း ဝယ်ယူရေးစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်း များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဌာနအကြီးအကဲများနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ နေရာဒေသအားလုံး လျှပ်စစ်ဓာတ်အားရရှိရန် ရည်မှန်းချက်ဖြင့် National Electrification Plan (NEP) ကို ပြုစုရေးဆွဲခဲ့ပါကြောင်း၊ စီမံချက်အရ လျှပ်စစ်မီးမရရှိသေးသည့်ဒေသများကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် Medium & Low Voltage ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ လိုအပ် မည်ဖြစ်ပါကြောင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားလိုင်းများအတွက် သီးခြားရင်းနှီးမြှုပ်နှံငွေ များဖြင့် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ NEP ကို အကောင်အထည် ဖော်ရန် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လိုအပ်သည့် Medium & Low Voltage ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရန်အတွက် ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် လက်ရှိ ဓာတ်အားစနစ်ရောက်ရှိပြီးနေရာမှ ပထမ အဆင့်အနေဖြင့် ၂ မိုင်အတွင်း ကျေးရွာပေါင်း ၅,၀၈၀ ၊ ဒုတိယအဆင့်အနေဖြင့် ၅ မိုင်အတွင်း ကျေးရွာပေါင်း ၂,၃၀၀ ခန့်ကို ဆက်သွယ်တည်ဆောက်ရန် စီစဉ်ထားပါကြောင်း၊ ဖွံ့ဖြိုးမှုချေးငွေများ ရယူပြီး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ချေးငွေပေးအပ်သည့် အဖွဲ့အစည်း၊ နိုင်ငံများ၏ Procurement Guideline နှင့် Procedure များကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ချေးငွေစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၃-၁၁-၂၀၁၅ ရက်နေ့မှ ယနေ့အထိ ၂ နှစ်ကြာ ပြီးမှ ထရန်စဖော်မာ ၅,၃၈၉ လုံးအတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅.၄၄၄ သန်းကို ပြည်တွင်းနှင့် နိုင်ငံခြား JV ကုမ္ပဏီများနှင့်လည်းကောင်း၊ ကွန်ကရိတိုင် ၄၈,၃၉၉ တိုင်အတွက် စာချုပ်တန်ဖိုး မြန်မာကျပ်ငွေ ၆,၈၀၁ သန်းကို ပြည်တွင်းကုမ္ပဏီ ၅ ခုနှင့်လည်းကောင်း၊ Steel Poles ၁၁,၄၈၄ တိုင်အတွက် စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂၀၄ သန်းကို ပြည်ပကုမ္ပဏီ ၂ ခု နှင့်လည်းကောင်း၊ ၂၃-၁၁-၂၀၁၇ ရက်နေ့တွင် အသီးသီး လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးသည့် ACSR Conductors ၁၀,၄၄၉ တန်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁.၁၇၉ သန်းကို ပြည်ပကုမ္ပဏီ ၂ ခုဖြင့် ဝယ်ယူရေးစာချုပ် လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းတွင် အသုံးပြုမည့် Steel Parts ၊ Accessories နှင့် ကွန်ကရိတိုင်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ NEP စီမံကိန်းများအတွက် ပစ္စည်းများ အချိန်မီ စုံလင်စွာ ရောက်ရှိမှသာ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီသောပစ္စည်းများ ပေးသွင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ ပါသည်။
ထို့နောက် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်မှ NEP စီမံကိန်းအကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် ပစ္စည်းဝယ်ယူရေးစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ ပြုလုပ်ရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တင်ဒါအောင်မြင်သောကုမ္ပဏီများဖြစ်သည့် Chongqing Taishan Cable Co.,Ltd. ၊ Henan Tong - Da Cable Co.,Ltd. များမှ တာဝန်ရှိသူများကလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးသန့်စင်နှင့် Chongqing Taishan Cable Co.,Ltd. မှ တာဝန်ရှိသူတို့ကလည်းကောင်း၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ ဦးကျော်သူနှင့် Chongqing Taishan Cable Co.,Ltd. မှ တာဝန်ရှိသူတို့ကလည်းကောင်း အသီးသီးလက်မှတ်ရေးထိုး၍ စာချုပ်များအပြန်အလှန်လဲလှယ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။