၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ( ၄ ) ရက်
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (၁၇၀ မဂ္ဂါဝပ် ) အား စတင် အကောင်အထည်ဖော်တည်ဆောက်ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လ (၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်တည်ဆောက်မည့် နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနအကြီးအကဲများ နှင့် တာဝန်ရှိသူများ ၊ Green Earth Power (Myanmar) Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သီဟ နှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင်မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းကို GEP (Myanmar) Co., Ltd. မှ BOT စနစ်ဖြင့် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အား (၁၇၀ မဂ္ဂါဝပ်) ဖြင့် စီမံကိန်းကို အဆင့် (၄) ဆင့် တည်ဆောက်သွားမှာဖြစ်ပါကြောင်း ၊ ပထမ အဆင့်မှတတိယအဆင့်အထိ (၄၀ မဂ္ဂါဝပ်) စီ အသီးသီး တည်ဆောက်သွားမှာ ဖြစ်ပြီး စတုတ္ထအဆင့်ကို (၅၀ မဂ္ဂါဝပ်) ဖြင့် တည်ဆောက်သွားမှာ ဖြစ်ပါကြောင်း ၊စီမံကိန်းမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန်အတွက်ဝန်ကြီးဌာန နှင့် GEP (Myanmar) Co., Ltd. တို့ ဓာတ်အား ဝယ်ယူရေး သဘောတူ စာချုပ်ကို (၂၀.၃.၂၀၁၆) ရက်နေ့တွင် ချုပ်ဆိုခဲ့ပါကြောင်း ၊ ယခု တည်ဆောက်မည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်းသည်မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော် တည်ဆောက်တဲ့ စီမံကိန်းတစ်ခုဖြစ်ပါကြောင်း ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ၊ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် မုန်းချောင်း၊ကြီးအုံကြီးဝ၊ မြစ်သာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ နှင့် ကျွန်းချောင်း၊ မန်းသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်ခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယခု မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၇၀ မဂ္ဂါဝပ်) တည်ဆောက်ပြီးစီးသွားပါက တစ်နှစ်လျှင် လျှပ်စစ်စွမ်းအင်ကီလိုဝပ်နာရီသန်းပေါင်း ၃၅၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း (၂၁၀,၀၀၀) စုခန့်ကို လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူး ပေးနိုင်တော့မည်ဖြစ်ပါကြောင်း ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ အိမ်ထောင်စုများမှ သုံးစွဲပြီး ပိုလျှံသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှတဆင့် အခြားဒေသများရှိ ဓာတ်အား မရရှိသေးသော ဒေသများသို့ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း ၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်အရေးပါသည့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ၊ နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံများအား အဆင့်မြှင့်တင် ပြင်ဆင်ခြင်း၊ ဓာတ်အားပေးစက်ရုံများ အသစ်တည်ဆောက်ခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို နိုင်ငံတော်ဘဏ္ဍာ ၊ နိုင်ငံခြားချေးငွေ၊ အထောက်အပံ့တို့ဖြင့် နှစ်စဉ် အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ယခုစီမံကိန်းကဲ့သို့ BOT စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်တည်ဆောက်လျက်ရှိပါကြောင်း ၊ မြန်မာနိုင်ငံတွင်လက်ရှိ လူဦးရေ (၅၁) သန်း ကျော်ရှိပြီး အိမ်ထောင်စုအနေဖြင့် (၁၀.၈၇) သန်းခန့်ရှိပြီး ၂၀၁၀ ခုနှစ်တွင် အိမ်ထောင်စု (၂.၁) သန်းခန့်သာ လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ခဲ့ပြီး ယနေ့အချိန်တွင် အိမ်ထောင်စုပေါင်း (၄.၃) သန်းခန့် လျှပ်စစ်ဓာတ်အားကို တိုးတက်သုံးစွဲ နိုင်ပြီဖြစ်ပါကြောင်း ၊ အိမ်ထောင်စုပေါင်း (၆.၅) သန်းခန့်သည် ယနေ့အချိန်ထိ လျှပ်စစ်မီးကို မရရှိသေးပါကြောင်း ၊ အဆိုပါ အိမ်ထောင်စုပေါင်း (၆.၅) သန်းခန့် လျှပ်စစ်မီး ရရှိရန်အတွက်နိုင်ငံတော်အနေဖြင့်ခေတ်အဆက်ဆက်တွင် ဆက်လက် ကြိုးပမ်းဆောင်ရွက် ပေးသွားရမှာဖြစ်ပါကြောင်း ၊ မိမိတို့နိုင်ငံတွင်လျှပ်စစ်ဓာတ်အားကို (၃,၁၉၀) မဂ္ဂါဝပ် ခန့်သာ သုံးစွဲနိုင်ပါသေးကြောင်း ၊ လျှပ်စစ်ဓာတ်အားကို နှစ်စဉ် တိုးတက်သုံးစွဲနေသည့်အတွက်ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် မဂ္ဂါဝပ်ပေါင်း (၄,၅၀၀) ကျော် သုံးစွဲလာမည်ဖြစ်ပါကြောင်း ၊ ထပ်မံလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်ပေးမှသာ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စုပေါင်း (၆.၅) သန်းသည် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်မီးရရှိလာ မည်ဖြစ်ပါကြောင်း ၊ ထပ်မံလိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်ရန်အထက်ကျိုင်းတောင်းစီမံကိန်း (၅၁ မဂ္ဂါဝပ်)၊ အထက် ရဲရွာစီမံကိန်း (၂၈၀ မဂ္ဂါဝပ်) စသည့် ရေအားလျှပ်စစ်စီမံကိန်းများကို အချိန်မီပြီးစီးနိုင်ရေးအတွက် ကြိုးစားတည်ဆောက်လျက် ရှိသည့်အပြင် ကျောက်ဖြူ ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၃၅ မဂ္ဂါဝပ်)၊ ကန်ပေါက် ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၂၃၀ မဂ္ဂါဝပ်)၊ မီးလောင်ချိုင့် ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၃၉၀ မဂ္ဂါဝပ်)၊ ရွာမ ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၅၀ မဂ္ဂါဝပ်) ၊ ပုထိုးလုံ ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၂မဂ္ဂါဝပ်) ၊ မြန်အောင်ဓာတ်အားပေးစက်ရုံစီမံကိန်း(၂၀ မဂ္ဂါဝပ်) ၊အလုံ (တိုးချဲ့) ဓာတ်အားပေးစက်ရုံစီမံကိန်း(၃၅၆ မဂ္ဂါဝပ်)စသည့် LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ၊ အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် သဘာဝအရင်းအမြစ်များ အပေါကြွယ်ဝဆုံး နိုင်ငံမှာ မြန်မာနိုင်ငံပင်ဖြစ်ပါကြောင်း ၊လာမည့်နှစ်နွေရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရန်အတွက်သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သည့် သထုံဓာတ်အားပေးစက်ရုံစီမံကိန်း (၁၁၈ မဂ္ဂါဝပ်) ၊ သာကေတ ဓာတ်အားပေးစက်ရုံ စီမံကိန်း (၁၀၆ မဂ္ဂါဝပ်) နှင့် မြင်းခြံ ဓာတ်အားပေးစက်ရုံစီမံကိန်း (၂၂၅ မဂ္ဂါဝပ်) တို့ကို တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုမင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း၏ပထမအဆင့် (၄၀ မဂ္ဂါဝပ်) ကိုလာမည့်နှစ် နွေရာသီအမီ ဓာတ်အားထုတ်လုပ်ပေးနိုင်မှာဖြစ်ကြောင်း ၊၎င်းစီမံကိန်းမှထွက်ရှိလာမည့်ဓာတ်အားကို အိမ်ထောင်စု (၅၀,၀၀၀) ခန့် သုံးစွဲနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မှ မင်းဘူး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း စတင်အကောင်အထည်ဖော် တည်ဆောက်ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ၊ GEP Myanmar Co., Ltd. မန်နေဂျင်းဒါရိုက်တာ ဦးအောင်သီဟ မှ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် မင်းဘူး နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၁၇၀ မဂ္ဂါဝပ်) စတင်အကောင်အထည်ဖော် တည်ဆောက်ခြင်းအခမ်းအနားအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ နှင့် GEP Myanmar Co., Ltd. မန်နေဂျင်းဒါရိုက်တာ ဦးအောင်သီဟ တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ကြပါသည်။
၎င်းနောက် စီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနား အထိမ်းအမှတ်အဖြစ် Solar PV Panel များအား Pile ရိုက်စက်ဖြင့် ပန္နက်ရိုက်သွင်းခြင်းကို ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ ဒုတိယဝန်ကြီး ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၊ GEP Myanmar Co., Ltd. မန်နေဂျင်းဒါရိုက်တာ နှင့် တာဝန်ရှိသူများမှ ကြည့်ရှုလေ့လာခဲ့ပြီး နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ် ပစ္စည်းများ အသုံးပြုသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာကိစ္စရပ်များအား ပူးပေါင်း ဆောင်ရွက်သွားရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။