မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များနှင့်
စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနား ကျင်းပသည့်သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ( ၉ )ရက်
မြန်မာနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များနှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့အကြား Myanmar-Denmark Twinning Program on Renewables နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာ သည် မြန်မာနိုင်ငံအတွင်း လေအားလျှပ်စစ်ထုတ်လုပ်မှု စီမံကိန်းများအတွက် Feasibility Study ဆောင်ရွက်ခြင်း၊ လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် ဒေသများအတွက် Wind Mapping ပြုစုခြင်း၊ လေအားလျှပ်စစ်ဆိုင်ရာ Technical Standard နှင့် Grid Codes ပြုစုခြင်း၊ Wind Energy Educational Scholarship Program ပံ့ပိုးပေးခြင်း၊ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း၌ လေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလေ့လာခြင်း၊ Remote Meter Readings, and Handling of Meter Data and Flexibility of Hydro and Thermal Plants စသည်တို့အား ဒိန်းမတ်နိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ရန်အတွက် ရည်ရွယ်လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း၊ ထို့အပြင် Human Resources Development Program များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen မှ မြန်မာနိုင်ငံနှင့်ဒိန်းမတ်နိုင်ငံတို့အကြား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များနှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E.Mr. Peter Lysholt Hansen တို့သည် မြန်မာနိုင်ငံနှင့်ဒိန်းမတ်နိုင်ငံတို့အကြား ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များနှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာအား လက်မှတ် ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ပါသည်။