လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်း
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ေဖေဖာ်ဝါရီလ ၁၇ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သို့ ရောက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရိပ်သာတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ေဒါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားရာတွင် မြိတ်ဒေသ တွင် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အခွင့်အလမ်းများရှိသော်လည်း လျှပ်စစ်မီးမရရှိသည့် အတွက် လုပ်ငန်းများမဆောင်ရွက်နိုင်ကြောင်း၊ စီပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးသည် အရေးကြီးပါကြောင်း၊ လျှပ်စစ်မီးမရရှိ၍ ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရပါကြောင်း၊ ထို့ကြောင့် မြိတ်ဒေသကို နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီပွားရေးလုပ်ငန်များလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ သို့မှသာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားအမြန်ဆုံးရရှိပြီး အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်မှ မိမိတို့ တိုင်းဒေသကြီးမှ ဒေသခံပြည်သူများအနေဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားမရရှိသည့်အတွက် ဓာတ်အားခကို စျေးနှုန်းကြီးမြင့်စွာပေးပြီး သုံးစွဲနေရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံတောင်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုနိုင်ရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့် အစွမ်းကုန်ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြန်လည်ဟောကြားခဲ့ပြီး ဝန်ကြီးချုပ်မှသိရှိလိုသည်များကို မေးမြန်းရာ ဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးမှဖြည်စွက်ရှင်းလင်းပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအနီးတွင် မြိတ်အများပိုင်ကုမ္ပဏီနှင့် ကိုးရီးယားနိုင်ငံ KMPI ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့် (၆၁၀)မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးနှင့် ပတ်သတ်၍ ရှင်းလင်တင်ပြခြင်း အခမ်းအနားကို တက်ရောက်ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမီတက် ဥက္ကဌ ဦးလှသန်း ဓာတ်အားပေးစက်ရုံစီမံကိန်းဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ SIEMENS မှ တာဝန်ရှိသူက ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုမည့် ဓာတ်အားပေးစက်များနှင့် ပတ်သတ်၍လည်းကောင်း၊ ခင်မောင်ညွန့် ကုမ္ပဏီမှ တာဝန်ရှိသူက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအန်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များကိုမေးမြန်ခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားကာ အဆိုပါစီမံကိန်းတည်ဆောက်မည့်နေရာမှ ဒေသခံပြည်သူများအားတွေ့ဆုံပြီး ရင်းရင်နှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ (၆၁၀)မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကပကျေးရွာအနီးတွင် မြိတ်အများပိုင်ကုမ္ပဏီနှင့် ကိုးရီးယားနိုင်ငံ KMPI ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကိုအခြေခံသော စက်ရုံ၊အလုပ်ရုံများပေါ်ပေါက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်ရေး၊ ဒေသခံပြည်သူများ ဓာတ်အားကို စျေးနှုန်း သက်သာစွာ သုံးစွဲနိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်း အသုံးပြုပြီးပိုလျှံသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်တင်ပို့ ရောင်းချသွားနိုင်ရေး ဟူသောရည်ရွက်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။