The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏

ဒုတိယအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (   ၂၁   ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပါသည်။

          ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကား ပြောကြားရာတွင် စီမံကိန်းများ အထမြောက်စေရန် အဖွဲ့အစည်းအသီးသီးမှ ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ ကြုံတွေ့ရမည့် စိန်ခေါ်မှုများအတွက် ညှိနှိုင်းအဖြေရှာပြီး ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုများ ပေါက်ပေါက် လာရန်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ကြီးမှ မူဝါဒ၊ လမ်းညွှန်ချက် များ ချမှတ်ဆောင်ရွက်နေကြောင်း၊ ယခင်လေ့လာသုံးသပ်မှုများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အနာဂတ် Power Generation Mix အတွက် စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိ ပကတိအခြေအနေများကို သုံးသပ်နိုင်ပြီး Financial and Technical ကိစ္စရပ်များအပါအဝင် ရေရှည်တည်တံ့နိုင်မည့် Power Generation အား ဦးတည်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ကျောက်မီးသွေး မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု သည် ဈေးသက်သာသည်မှန်သော်လည်း အခြားသုံးသပ်ရန် အချက်များစွာရှိသဖြင့် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မည့် Liquefied Natural Gas (LNG) မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ရေတိုစီမံကိန်းများအား အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့ကြောင့် Energy Mix ကဏ္ဍတွင် ပြည်တွင်းမှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့နှင့် ပြည်ပမှ တင်သွင်းဆောင်ရွက်မည့် LNG တို့ ပါဝင်မည်ဖြစ်ပါ ကြောင်း၊ ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု သည် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စတင်ကျဆင်းလာမည်ဖြစ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအား သက်ရောက်မှုရှိ လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှရှာဖွေတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့အား စီးပွားဖြစ် မထုတ်လုပ်နိုင်မီ အဆိုပါ သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို အစားထိုးနိုင်ရန် ၂၀၂၀-၂၀၂၁ ခုနှစ်ကာလအမီ သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းအစားထိုးနိုင်ရေးအတွက် LNG ကဏ္ဍအား ရွေးချယ်ရခြင်းဖြစ်ကြောင်း၊ ရှာဖွေတွေ့ရှိခဲ့သော ပြည်တွင်းသဘာဝဓာတ်ငွေ့များ အမြန်ဆုံးနှင့် အစောဆုံး ထုတ်ယူနိုင်မည့်ကာလမှာ ၂၀၂၃ - ၂၀၂၄ ခုနှစ်ကာလဖြစ် သောကြောင့် Gas Turbine များအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ အား အချိန်မီ အစားထိုးနိုင်ရေးသည် LNG တင်သွင်း၍ ဓာတ်အားထုတ်လုပ်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် LNG စီမံကိန်းများအပါအဝင် စီမံကိန်း ၄ ခုအတွက် Notice to Proceed အား ၃၀-၁-၂၀၁၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ လျှပ်စစ်ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး ဖြစ်ကြောင်း၊ ဆက်စပ်အခြေခံအဆောက်အဦး Infrastructure များ တပြိုင်တည်းဖွံ့ဖြိုးလာရေး အတွက်လည်း ဦးစားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယနေ့ တိုင်းပြည်၏လူဦးရေ သန်း ၃၀ ကျော်မှာ လျှပ်စစ်မီး အသုံးမပြုနိုင်သေးပါကြောင်း၊ မီးသုံးစွဲသူအနေအထားအား အသေးစိတ်လေ့လာသုံးသပ်မှု များ ပြုလုပ်ခဲ့ရာတွင် ၂၅ ရာခိုင်နှုန်းကျော်မှာ ချို့တဲ့သူများဖြစ်ပြီး တစ်လလျှင် ၅၀ ယူနစ်အောက်သာ သုံးစွဲနိုင်၍ ၎င်းတို့အတွက် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အား အရှုံးခံ ပံ့ပိုးဖြန့်ဖြူးပေးရန် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျန် ၇၅ ရာခိုင်နှုန်းအတွက်လည်း မီးသုံးစွဲခနှုန်းထားများအား အားလုံး အဆင်ပြေမည့် နှုန်းထားများဖြင့် သုံးသပ်သတ်မှတ်ရန်နှင့် မိမိတို့ဘက်မှ အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ရန်လည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု အပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိ မဟာ ဓာတ်အားလိုင်းများ အဆင့်မြှင့်တင်ခြင်းနှင့် 500 kV System ဓာတ်အားလိုင်းအသစ် များ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ North Grid ၊ South Grid ၊ West Grid ၊ East Grid ဖြင့် Backbone Transmission Lines အသစ်များ တည်ဆောက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်ရန် ပြည်ပအဖွဲ့အစည်းများမှ ကူညီပံ့ပိုးသည့် Grants and Concessions Loans များအား အသုံးပြုသွားမည်ဖြစ်သောကြောင့် ယနေ့တက်ရောက်လာသော ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ မှ ကူညီပံ့ပိုးရန်ဖြစ်ကြောင်း၊ သက်သာသော Tariff နှုန်းများဖြင့် တင်ပြလာသော နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး အဆိုပြုချက်များအား လေ့လာ သုံးသပ်လျက် ရှိကြောင်း၊ သဘာဝဓာတ်ငွေ့ မလုံလောက်မှုကြောင့် Gas Turbine များအား ဦးစားပေး၍ သဘာဝဓာတ်ငွေ့ ပံ့ပိုးလျက်ရှိရာ လက်ရှိ ရေနံဓာတုဗေဒ စက်ရုံအချို့အား ရပ်နားထားရကြောင်း၊ LNG မှ သဘာဝဓာတ်ငွေ့အား အဆိုပါ ရေနံ ဓာတုဗေဒစက်ရုံများသို့ဖြန့်ဖြူး၍ လည်ပတ်ရန် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ ပေးပို့ဖြန့်ဖြူးရန် ပိုက်လိုင်းကွန်ယက်များ တိုးချဲ့တည်ဆောက် မည့် စီမံကိန်းများတွင် ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း၊ ယခင် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ခဲ့သော Liquefied Petroleum Gas (LPG) ကဏ္ဍအား ပုဂ္ဂလိကများမှ အပြည့်အဝ ဆောင်ရွက်ခွင့်ပေးထားပြီး ဥပဒေများလည်း ပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ကြွရောက်လာသော နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်နေ သည့်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့တွေ့ဆုံဆွေးနွေးမှုများမှ အကောင်းဆုံး နည်းလမ်း၊ စီမံချက်၊ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍအသီးသီးတို့အတွက် ဝိုင်းဝန်းညှိနှိုင်း သုံးသပ်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများအား ဝန်ကြီးဌာနမှ အကောင်အထည်ဖော်မည့် LNG to Power Project မိတ်ဆက်ဗွီဒီယိုအား ပြသခဲ့ပြီး၊ တက်ရောက်လာသည့် နိုင်ငံတကာသံရုံးများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ငွေ​ကြေးဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များမှ မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
21-Feb-2018