ခေါင်လန်ဖူးမြို့ လျှပ်စစ်ဓာတ်အားပိုမို တိုးမြှင့်ရရှိသုံးစွဲနိုင်ရေး
လျှပ်စစ်စွမ်းအင်ကို သက်ရှိတို့ အကျိုးဖြစ်ထွန်းမှုအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ထုတ်ယူ သုံးစွဲလျက်ရှိကြသည်။ ယခုအခါ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ ကဏ္ဍမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် သုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။
မေး မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေတွေနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မဲ့ ဓာတ်အားအခြေအနေတွေကို သိလိုပါတယ်။
ဖြေ မြန်မာနိုင်ငံမှာ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၂ ရုံ အပါအဝင် ရေအားနဲ့ ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံ ၂၇ ရုံရှိပြီး စုစုပေါင်း တပ်ဆင်ဝန်အားကတော့ ၅၄၀၅ မဂ္ဂါဝပ် ဖြစ်ပါတယ်။ ပြည်သူတွေ တပ်ဆင်သုံးစွဲနေတဲ့ ဓာတ်အားလိုအပ်ချက်အတိုင်း ထုတ်လုပ် ပေးလျက် ရှိပြီး ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အမြင့်ဆုံး ၃၂၁၀ မဂ္ဂါဝပ် ရှိပါတယ်။
မေး National Grid (နိုင်ငံတော်ဓာတ်အားစနစ်) သွယ်တန်းထားရှိမှု အခြေအနေတွေနဲ့ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု အခြေအနေတွေကို သိလိုပါတယ်။
ဖြေ National Grid (နိုင်ငံတော်ဓာတ်အားစနစ်) အဖြစ် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း ၆၃ လိုင်း၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း ၄၂ လိုင်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂၁၆ လိုင်းနဲ့ ဓာတ်အားသယ်ယူ ဖြန့်ဖြူးထားရှိပြီး ပင်မဓာတ်အားခွဲရုံပေါင်း ၃၀၈ ရုံကို ဆက်သွယ်ထားရှိ ပြီး ထရန်စဖော်မာ စုစုပေါင်းတပ်ဆင်ဝန်အား ၁၁၄၂၄ အမ်ဗွီအေကို တပ်ဆင်ထားပြီး ဖြစ်ပါ တယ်။ သယ်ယူပို့ဆောင်လာတဲ့ ဓာတ်အားတွေကို ဖြန့်ဖြူးနိုင်ဖို့အတွက် ထရန်စဖော်မာ တွေ ကိုလည်း တပ်ဆင်ထားပြီးဖြစ်ပါတယ်။ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းမှာ မြန်မာတစ်နိုင်ငံ လုံး ၃၃ကေဗွီ၊ ၁၁ ကေဗွီ နဲ့ ၆ ဒသမ ၆ ကေဗွီတွေရဲ့ ဓာတ်အားလိုင်းမိုင် စုစုပေါင်း လိုင်းမိုင် ၂၄၀၀၀ ကျော် တည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ နိုင်ငံတော်ဓာတ်အားစနစ်ကနေ မြို့ပေါင်း ၂၅၅ မြို့နဲ့ ရွာပေါင်း ၈၂၈၄ ရွာကို ဓာတ်အားဖြန့်ဖြူးပေးပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း World Bank, ADB, JICA စတဲ့ နိုင်ငံတကာချေးငွေတွေနဲ့လည်း ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရေး တည်ဆောက်လျက်ရှိရာ ၂၀၁၈ ခုနှစ် နှစ်ကုန်မှာ မြို့ပေါင်း ၂၆၉ မြို့ကနေ ရွာပေါင်း ၁၉၀၄၄ ရွာအထိ တိုးချဲ့ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဓာတ်အားစနစ်မရောက်တဲ့ နေရာတွေကိုလည်း ဒီဇယ်ဓာတ်အားပေးစက်တွေ အသေးစားရေအားလျှပ်စစ်ထုတ်လုပ်တဲ့ စက်တွေနဲ့ ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနေပါတယ်။ ဒီဇယ်ဓာတ်အားပေးစက်တွေနဲ့ ဓာတ်အားကို တိုးတက်ဖြန့်ဖြူးပေးနေပါတယ်။ ဒီဇယ်ဓာတ်အားပေးစက်တွေနဲ့ ဓာတ်အားပေးထားတဲ့ နေရာတွေကို နိုင်ငံတော် ဓာတ်အားစနစ် ရောက်ရှိလာပါက အဲဒီဓာတ်အားပေးစက်တွေကို ဓာတ်အားမရသေးတဲ့ အခြားနေရာတွေမှာ ပြောင်းရွေ့တိုးချဲ့ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။
မေး ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးထားရှိမှု အခြေအနေတွေကို သိပါရစေ။
ဖြေ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းကို ယနေ့အထိ နိုင်ငံတော် ဓာတ်အားစနစ်သွယ်တန်း ရောက်ရှိနိုင်ခြင်းမရှိသေးပေမယ့် ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်ကို ဒီဇယ်ဓာတ်အားပေးစက် ၁၇ လုံး၊ အသေးစားရေအားပေးစက် ၂ လုံး၊ ဆိုလာစနစ်နဲ့ ဓာတ်အားပေးနိုင်တဲ့ နည်းလမ်းတွေ အပါအဝင်အခြားနည်းလမ်းတွေနဲ့ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၉၉၇ ကီလိုဝပ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒါ့အပြင် ပူတာအိုခရိုင်အတွင်း မှာရှိတဲ့ ကျေးရွာ ၁၄၀ ကိုလည်း အသေးစားရေအား လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတွေ၊ ဒီဇယ်ဓာတ်အားပေးစက်ရုံတွေအပါအဝင် နေရောင်ခြည် သုံး ဓာတ်အားပေးစနစ်နဲ့ပါ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
မေး ခေါင်လန်ဖူးမြို့ကို National Grid (နိုင်ငံတော်ဓာတ်အားစနစ်) သွယ်တန်းဖို့ ခက်ခဲနေတဲ့ အခြေအနေတွေနဲ့ ခေါင်လန်ဖူးမြို့အတွက် ယခင်က လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ အခြေအနေတွေကို ရှင်းပြပေးပါ။
ဖြေ ခေါင်လန်ဖူးမြို့ဟာ ပူတာအိုခရိုင်အတွင်းမှာ တည်ရှိပြီး မေခမြစ်နဲ့ အချန်ခမြစ်ဆုံရာမှာ တည်ရှိနေတဲ့ တောင်ပေါ်မြို့တစ်မြို့ ဖြစ်ပါတယ်။ ခေါင်လန်ဖူးမြို့ကို ရောက်ဖို့အတွက် မြစ်ကြီးနားမြို့ကနေ ကားလမ်းမိုင် ၂၀၀ လောက်ဝေးတဲ့ ပူတာအိုမြို့ကတစ်ဆင့် သွားရပါတယ်။ ပူတာအိုမြို့ကနေ နောင်မွန်းအထိ ကားလမ်း ၇၅ မိုင်၊ နောင်မွန်က ခေါင်လန်ဖူးအထိ ၆၂ မိုင် ဆက်လက်ပြီးသွားရတယ်။ နောင်မွန်က ခေါင်လန်ဖူးအထိ ၆၂ မိုင်ဟာ လားလမ်းနဲ့ လမ်းကြမ်းတွေသာ ဖြစ်ပြီး တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်ရာမှာ တောတောင်ထူထပ်ပြီး အလှမ်းကွာဝေးတဲ့အတွက် နိုင်ငံတော်ဓာတ်အားလိုင်း တည်ဆောက်ဖို့ အခက်အခဲ ရှိတဲ့အပြင် တစ်ကယ်လို့ တည်ဆောက်မယ်ဆိုလျှင်လည်း တည်ဆောက်မှု ကုန်ကျစရိတ် များပြားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေါင်လန်ဖူးမြို့ကို နိုင်ငံတော် ဓာတ်အားစနစ်ရောက်ရှိဖို့ ခက်ခဲနေသေးတာဖြစ်ပါတယ်။ ခေါင်လန်ဖူးမြို့မှာ ယခင်က ၁၈ ဒသမ ၇၅ကီလိုဝပ် မီးစက်တစ်လုံးသာ ရှိခဲ့ပါတယ်။ စက်ချို့ယွင်းမှုဖြစ်ခဲ့ရင် စက်တစ်လုံးထဲ ဖြစ်တဲ့အတွက် စက်ပြုပြင်ချိန် ကြာမြင့်ပြီး ပြည်သူတွေ ပုံမှန်မီးပြန်ရဘို့ အခက်အခဲရှိခဲ့ပါတယ်။ ယခု ၁၀ ကီလိုဝပ် ဒီဇယ်ဓာတ်အားပေးစက် ၃ လုံးပို့ထားပြီးဖြစ်တဲ့ အတွက် စက်ကို အလှည့်ကျ မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အားပေးစက် ၃ လုံးပို့ထားပြီးဖြစ် တဲ့အတွက် စက်ကိုအလှည့်ကျ မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သလို စက်ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ပြည်သူလူထုအတွက် ဓာတ်အားပြတ်တောက်ချိန် လျော့နည်းသွားမှာဖြစ်ပါတယ်။ ခေါင်လန်ဖူးမြို့ကို ယခင်က ခေါ်ဘူဒဲမြို့လို့ ခေါ်ပြီး ၁၉၉၀ ခုနှစ်မှာ ၃ ဒသမ ၂ ကီလိုဝပ် မီးစက် ၂ လုံးနဲ့ စတင် ဓာတ်အားပေးခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ခေါင်လန်ဖူးမြို့အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ ၁၈ ဒသမ ၇၅ ကီလိုဝပ်စက်နဲ့ ပြောင်းလဲ တိုးချဲ့ဓာတ်အားပေးခဲ့တာဖြစ်ပါတယ်။
မေး ခေါင်လန်ဖူးမြို့ လျှပ်စစ်ဓာတ်အားပိုမိုရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေ တွေကို သိလိုပါတယ်။
ဖြေ ယခုနှစ်ဆန်း ဇန်နဝါရီလမှာ နိုင်ငံတော်သမ္မတကြီးဟာ ပူတာအိုမြို့နဲ့ ပတ်ဝန်းကျင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေ အတွက် ကချင်ပြည်နယ်ကို ရောက်ရှိချိန်မှာ ခေါင်လန်ဖူးမြို့ကို ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ဖို့လမ်းညွှန်ခဲ့ပါတယ်။ အဲဒီ လမ်းညွှန်ချက်အရ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာက ၁၀ ကီလိုဝပ် ဒီဇယ်ဓာတ်အားပေးစက် ၃ လုံးကို ပူတာအိုမြို့ကို မော်တော်ယာဉ်နဲ့ ပေးပို့ခဲ့ပြီး ပူတာအိုက တစ်ဆင့် နောင်မွန်း၊ အဲဒီကနေ ခေါင်လန်ဖူးကို ဝန်တင်လားတွေနဲ့ စက်အစိတ်အပိုင်းတွေကို အပိုင်းလိုက်ခွဲပြီး ခက်ခက်ခဲခဲသယ်ယူပို့ဆောင်ခဲ့ရပါတယ်။ ခေါင်လန်ဖူးမြို့ပေါ်ကို ရောက်မှ စက်အစိတ်အပိုင်းတွေကို ပြန်လည်စုစည်း တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ အပိုင်းတွေကို ပြန်လည်စုစည်း တပ်ဆင်ပြီး လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ ဆောင်ရွက်ခဲ့ ရတယ်။ ၁၀ ကီလိုဝပ် ၃ လုံးရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်းကတော့ လမ်းပန်းဆက် သွယ်ရေး ခက်ခဲတဲ့ တောင်ပေါ်ဒေသကို လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ စက်တစ်လုံး ချို့ယွင်းပါက ဓာတ်အားပြတ်တောက်ချိန် မကြာမြင့်စေဖို့အတွက် ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါ တယ်။ ဒါအပြင် ခေါင်လန်ဖူးမြို့ တစ်မြို့လုံး ဓာတ်အားဖြန့်ဖြူးပေး နိုင်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးလိုင်းတွေကို တိုးချဲ့တည်ဆောက်ပြီး မတ်လ ၅ ရက်မှာ လျှပ်စစ် ဓာတ်အားကို မြို့လုံးကျွတ် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်တဲ့ အခမ်းအနားကို ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ ခေါင်လန်ဖူးမြို့ကို ယခင်က တစ်ရက်လျှင် ဓာတ်အားဖြန့်ဖြူးချိန် ၄ နာရီသာ ရှိခဲ့ရာမှ ယခုအခါ တစ်ရက်လျှင် ၅ နာရီအထိ တိုးမြှင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
မေး ခေါင်လန်ဖူးမြို့ဟာ လျှပ်စစ်ဓာတ်အားပိုမို သုံးစွဲဖို့ မည်သည့်အတွက်ကြောင့် လိုအပ်တာပါလဲ။
ဖြေ လျှပ်စစ်ဓာတ်အားဆိုတာ လိုအပ်သလို ပြုပြင်ပြောင်းလဲ သုံးစွဲလို့ရတဲ့ စွမ်းအင်တစ်မျိုး ဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ ခေါင်လန်ဖူး မြို့သူ မြို့သားတွေ အကျိုးရှိစွာ အသုံးပြုနိုင်ဖို့အတွက် ဓာတ်အားလိုအပ်တာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်တော့မှာ ဖြစ်တဲ့အတွက် မြို့ရဲ့ လူမှုစီးပွား ကဏ္ဍတွေ ဟာလည်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာတော့မှာ ဖြစ်ပါတယ်။
မေး လျှပ်စစ်ဓာတ်အားသွယ်တန်းဖြန့်ဖြူးဖို့ ခက်ခဲတဲ့ ဒေသတွေအတွက် လျှပ်စစ်ဓာတ်အား ရရှိဘို့ ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲဆိုတာကို ပြောပြပေးပါဦး။
ဖြေ မြန်မာနိုင်ငံရဲ့ နယ်စွန်နယ်ဖျားဒေသတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ လျှပ်စစ်ဓာတ်အားရရှိဖို့ ဆိုတာ ခက်ခဲပါတယ်။ အဲလိုခက်ခဲတဲ့ နေရာဒေတွေမှာ အခြေခံအားဖြင့် ဒီဇယ်ဓာတ်အားပေးစက်နဲ့ လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးပါတယ်။ ဒီဇယ် ဓာတ်အားပေးစက်တွေဟာ ကုန်ကျစရိတ်ကြီးမားတော့ ရေအားနဲ့ ဆိုလာစနစ် ကိုလည်း အသုံးပြုနိုင်ဖို့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် အခြားဓာတ်အားရနိုင်တဲ့ နည်းလမ်းတွေနဲ့လည်း ဓာတ်အားရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး ကျေးလက်ဒေသတွေ လျှပ်စစ်ဓာတ်အားရရှိဖို့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။