လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၈:၃၀ နာရီအချိန်တွင် နေပြည်တော် Horizontal Lake View Resort Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်သူ့လွှတ်တော် လျှပ်စစ် နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ အတွင်းရေးမှူး ဦးအောင်ဇော်မြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရွှေစွမ်းအင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အဖွင့်အမှာ စကားပြောကြားရာတွင် သောက်ရေခပ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အား ဆက်လက်ဝယ်ယူရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်တို့ ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ သောက်ရေခပ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အနီး သောက်ရေခပ်ချောင်းပေါ်တွင် တည်ရှိပြီး Build, Operate and Transfer (B.O.T) စနစ်ကို အခြေခံ၍ ပထမဆုံး အကောင်အထည်ဖော် တည်ဆောက် ခဲ့သည့် စီမံကိန်းဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်တာ ဓာတ်အားစနစ်သို့ လျှပ်စစ် ဓာတ်အား စတင်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ယခင်က သောက်ရေခပ် (၂) စက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဝန်ကြီးဌာနနှင့် ရွှေစွမ်းအင်ကုမ္ပဏီတို့ နှစ်စဉ် Power Purchase Agreement (PPA) ချုပ်ဆိုဝယ်ယူခဲ့ပါကြောင်း၊ ယခု ဆဋ္ဌမအကြိမ်ချုပ်ဆိုမည့် PPA စာချုပ် သက်တမ်းမှာ (၅)နှစ် ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်သည့်အတွက် ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် လက်မှတ် ရေးထိုးမည်ဖြစ်ပါကြောင်း၊ သောက်ရေခပ် (၂) ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်စွမ်းအားမှာ ၁၂၀ မဂ္ဂါဝပ် ဖြစ်ပြီး ဒီဇိုင်းအရထုတ်လုပ်နိုင်မှုမှာ နှစ်စဉ် ယူနစ်သန်းပေါင်း ၆၀၄ ဖြစ်ပါကြောင်း၊ စက်စတင် လည်ပတ်သည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှယူနစ်သန်းပေါင်း ၄၀၀ ဝန်းကျင်ခန့် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဓာတ်အားပေးစက်ရုံသည် စစ်တောင်းမြစ်ဝှမ်းတွင် တည်ဆောက်ထားသည့် ရေအားလျှပ်စစ်စက်ရုံများတွင်ပါဝင်သော ဓာတ်အားပေးစက်ရုံဖြစ်ပြီး လျှပ်စစ် ဓာတ်အားအသုံးပြုမှုများပြားသည့် ရန်ကုန်မြို့နှင့် အနီးဝန်းကျင်ဒေသအတွက် အရေးကြီးသော စက်ရုံတစ်ရုံ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားစနစ်တွင် တည်ငြိမ်သော Reliable and Quality Electricity ဖြစ်ရန် ယခုစက်ရုံများသည် အရေးပါကြောင်း၊ ရွှေစွမ်းအင်ကုမ္ပဏီလီမိတက်အနေဖြင့် စီမံကိန်းဧရိယာအတွင်း ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးခြင်း၊ ဒေသခံကျေးရွာများ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဆေးပေးခန်းများ၊ စာသင်ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်း ပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများ တည်ဆောက်လှူဒါန်းခြင်း စသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့်အပြင် ပင်မတမံအထက်ပိုင်း သောက်ရေခပ် ချောင်းပေါ်တွင် ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် အလျားပေ ၈၀၀၊ အနံပေ ၃၈ ၊ အမြင့်ပေ ၁၂၀ ရှိ သံကူ ကွန်ကရစ် ပလက်ဝတံတားအသစ် တည်ဆောက်နေသည်ကို သိရှိရသည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်ထောင်စုပေါင်း ၁၀.၈၇ သန်း အနက် အိမ်ထောင်စုပေါင်း ၄.၃ သန်းခန့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုကြောင့် Electrification Ratio ၄၃ % သာရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝှမ်းလုံး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန် လျှပ်စစ် စီမံကိန်းများကို ဝန်ကြီးဌာန၏ ဘဏ္ဍာငွေနှင့် နည်းပညာတို့ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခြင်း၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု ကြီးမား သော အချို့စီမံကိန်းကြီးများအား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင် များနှင့် ဝန်ကြီးဌာနတို့ပူးပေါင်း၍ JV/B.O.T စနစ်ဖြင့် အကောင်အထည်ဖော်ခြင်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ Generation Mix အား Financial and Business Model အမျိုးမျိုးဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု (Installed Capacity) စက်တပ်ဆင်အား ၅၄၅၈ မဂ္ဂါဝပ်ရှိပြီး နွေရာသီတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၄၅၀၀ မဂ္ဂါဝပ်ခန့်ရှိသော်လည်း ၃၃၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်ပေးနိုင် ကြောင်း၊ ထို့ကြောင့် Demand and Supply အား Balance ဖြစ်စေရန် Median Term အနေဖြင့် LNG to Power စီမံကိန်း ၃ ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်း ၃ ခုမှ Base Load ၃၀၀၀ မဂ္ဂါဝပ် ရရှိမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လိုအပ်မည့် Demand အား ဖြည့်ဆည်းရန် နှင့် Reserve Power ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ ပထဝီအနေအထား အရ အနီးဝန်းကျင်နိုင်ငံများနှင့် ဓာတ်အားစနစ်ချိတ်ဆက်ဆောင်ရွက်မည့် Electricity Trading ကဏ္ဍ အတွက် ကြိုတင်စီစဉ်လျက်ရှိကြောင်း၊ Reasonable Price ဖြစ်သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် Grid System များ တိုးချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့အား ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပမှ လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အနာဂတ်တွင် Sustainable Electricity ဖြစ်စေရန်နှင့် လူမှုပတ်ဝန်းကျင်အား ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် သင့်လျော်သောစျေးနှုန်းဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရည်မှန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၏ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဦးခင်မောင်ဝင်းနှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက် ဥက္ကဌ ဦးထွန်းမြင့်နိုင်တို့က ဆဋ္ဌမ အကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်တွင် အပြန်အလှန် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။