၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်
United Nations Economic and Social Commission for Asia and the Pacific (UNESCAP) နှင့် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီးဌာနတို့မှ ကြီးမှူး၍ ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့အတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂဒေသဆိုင်ရာရုံးတွင် ကျင်းပပြုလုပ်မည့် 2nd Asian and Pacific Energy Forum သို့ တက်ရောက်ရန်ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကုလသမဂ္ဂဒေသဆိုင်ရာရုံး တွင်ကျင်းပသည့် Forum သို့ တက်ရောက်ခဲ့ပါသည်။
Forum အားအစီအစဉ်အတိုင်းကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီး များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ အလိုက်ဆွေးနွေးခြင်းအစီအစဉ်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသဆိုင်ရာ စွမ်းအင်ကိစ္စများတွင် မြန်မာနိုင်ငံ၏ အမြင်ရှုထောင့်များကို တက်ရောက် ဆွေးနွေးခဲ့ပါသည်။
Forum ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Virasakdi Futrakul က အဖွင့်မိန့်ခွန်းပြောကြား၍ ကြိုဆိုနှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် နိုင်ငံအလိုက် ဆွေးနွေးခြင်းတွင် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်မှ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားတိုးတက် ဖြန့်ဖြူးရေးကို ဆောင်ရွက်ရာ၌ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအတွက် အရည်အသွေးကောင်းမွန်ပြီး၊ စိတ်ချရသော တည်ငြိမ်မှုရှိသည့် Distribution Network ဖြစ်ရန်နှင့် ဝန်ဆောင်မှုကောင်းမွန်စွာ ပေးနိုင်ရန် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ထင်းမီးသွေးသုံးစွဲမှု များအား အစားထိုးနိုင်မည့် Clean Energy ဖြစ်သော Liquefied Petroleum Gas (LPG) ဓာတ်ငွေ့အိုးများကို ၂၀၂၀ ခုနှစ်တွင် အိမ်ထောင်စု ၁ သန်းအထိ ဖြန့်ဖြူးပေးနိုင်ရေးကိုလည်းကောင်း ရည်မှန်းချက်ထား ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးစီးသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နီပေါနိုင်ငံ စွမ်းအင်ဝန်ကြီး ဌာနဝန်ကြီး H.E. Mr. Barsha Man Pun “Ananta” ဦးစီးသောအဖွဲ့နှင့် Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) အစည်းအဝေး ကျင်းပရေးကိစ္စများကိုလည်းကောင်း၊ UNESCAP ဒေသဆိုင်ရာရုံး၏ Executive Secretary ဖြစ်သူ Madam Shamshad Akhtar ဦးစီးသောအဖွဲ့နှင့် ဒေသတွင်းစွမ်းအင်ဆိုင်ရာကိစ္စများကိုလည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထို့နောက် Forum တွင် ဒေသဆိုင်ရာ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများအပေါ်တွင် နိုင်ငံအလိုက် ရှုဒေါင့်အမြင်များ၊ စွမ်းအင်ဆိုင်ရာ ရေရှည်အကျိုးရှိစွာ အသုံးချရေးကိစ္စများကို ဆွေးနွေး ခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ Sustainable Development Goal 7 ဖြစ်သော “Ensure access to affordable, reliable, sustainable and modern energy for all” ကိုရည်မှန်းချက်ထား၍ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ကြမည့် အစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။