၂၀၁၈ခုနှစ်၊ မေလ ( ၁၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း စဉ့်ကိုင် မြို့နယ်၊ ပလိပ်ဒေသရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၁)၌ CNG Compressor အသစ်တိုးချဲ့တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ အရောင်းဆိုင်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အဖက်ဖက်မှ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုကြိုးစားဆောင်ရွက်သည့် အခါ သယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ် ကဏ္ဍတွင် EIA , SIA လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ စွမ်းအင်ကဏ္ဍအနေဖြင့် စွမ်းအင်အရင်းအမြစ်များကို ပြည်သူများနှင့် ပူးပေါင်းပြီး အကျိုးရှိရှိ အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူ အသုံးပြုသည့် ယာဉ်များ၊ ဒေသတွင်းသွားလာသည့် ယာဉ်ငယ်များအတွက် CNG ဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းမှ သဘာဝ ဓာတ်ငွေ့များရရှိရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အဆိုပါ သဘာဝ ဓာတ်ငွေ့များရရှိလာပါက ပထမဦးစွာ အိမ်ထောင်စုများအတွက် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍများ၌ အသုံးပြု နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် LPG ကို ပြည်သူလူထု အများစု အသုံးပြု၍ရသည့် အခြေအနေသို့ ရောက်ရန် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် LPG အား အိမ်ထောင်စုပေါင်း ၁၅၀၀၀၀ ခန့်သုံးစွဲနိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကြာမီကာလတွင် ရန်ကုန်၌ LPG Terminal တစ်ခုအား ဖွင့်လှစ်သွားမည်ဖြစ်ပြီး တန် ၂၀၀၀ ထိ တင်ဆောင်နိုင်သည့် သင်္ဘောများဖြင့် သယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီ၊ ဒီဇယ်ဆီအစား CNG ကို အစားထိုး သုံးစွဲခြင်းဖြင့် နိုင်ငံတော်၏ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း အထိုက်အလျောက် သက်သာစေ မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဒေသတွင် သယ်ယူပို့ဆောင်ရေး ချောမွေ့စေရန် ရည်ရွယ်၍ ၂၀၀၄ ခုနှစ်မှစ၍ CNG အရောင်း ဆိုင်အား စတင်ဖွင့်လှစ်ပေးခဲ့ပြီး မော်တော်ယာဉ်များကို CNG ဓာတ်ငွေ့စတင် ရောင်းချပေးခဲ့ပါကြောင်း၊ ယနေ့ CNG Compressor စက်အသစ်တိုးချဲ့တပ်ဆင် အဆင့်မြှင့်တင်ပေးခြင်းအားဖြင့် CNG သုံးမော်တော်ယာဉ်များကိုဓာတ်ငွေ့ဖိအား 3000 psi ဖြည့်တင်းပေးနိုင်မည်ဖြစ်၍ ဖြည့်တင်းချိန်မြန်ဆန်လာခြင်း၊ စက်မောင်းချိန် လျော့နည်းသွားခြင်း၊ စက်ပြုပြင်ထိန်းသိမ်းမှု သက်သာခြင်းအပြင် မန္တလေးတိုင်း ဒေသကြီး၌ လက်ရှိတွင် CNG သုံးမော်တော်ယာဉ် ၇၄၂ စီးရှိရာမှ နောက်ထပ် မော်တော်ယာဉ်စီးရေ တိုးမြှင့်ပေးနိုင်မည်ဖြစ်သည့်အပြင် CNG သုံး မော်တော်ယာဉ် များကိုလည်း ခရီးအကွာအဝေးမိုင်ပိုမိုသွားလာနိုင်ပြီး ခရီးသည်များနှင့်ကုန်စည် ပို့ဆောင်ခြင်း လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်သယ်ယူပို့ဆောင်ပေးနိုင်မည် ဖြစ်သည့် အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်ဖက်တစ်လှမ်းမှ အထောက် အကူပြုပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ CSR လူမှုရေး တာဝန်သိမှု လုပ်ငန်းတွင်လည်း စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဒေသတွင် ဆီဆုံကျေးရွာ အဝင်လမ်း ဖောက်လုပ်ပေးခြင်းနှင့် ကျေးရွာမူလတန်းကျောင်းအတွက် ရေသန့်စက်လှူဒါန်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ CNG သဘာဝဓာတ်ငွေ့များကို အသုံးပြုခြင်းအားဖြင့် စွမ်းအင်ချွေတာရာရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကိုလည်း လျှော့ချနိုင်မည်ဖြစ်၍ ဒေသခံများအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာပြီး မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန်
ပြောကြားခဲ့ပါသည်။
ထို့နောက် CNG Compressor အသစ်တိုးချဲ့တပ်ဆင်ဖွင့်လှစ်ခဲ့ခြင်းအတွက် ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးမှ ဧည့်သည်တော်များအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ CNG Compressor အသစ်တိုးချဲ့တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်း ဝန်ဦးတင်မောင်ဦး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး တို့မှဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က CNG Compressor စက်အသစ်အား စက်ခလုတ်နှိပ်၍ သဘာဝဓာတ်ငွေ့ဖြည့်တင်း ပေးခဲ့ပြီး CNG အရောင်းဆိုင်အတွင်းမော်တော်ယာဉ်များအားCNG ဓာတ်ငွေ့ရောင်းချ နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ် ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံအစည်းအဝေးခန်းမ၌ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အား လက်ခံပို့လွှတ်မှုအခြေအနေများနှင့် ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ စီမံကိန်းညွှန်ကြားရေးမှူးမှ ၁၃၂ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံအား ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များမှာကြား၍ ဝန်ထမ်း များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဓာတ်အား ခွဲရုံထိန်းချုပ်ခန်းအတွင်း ဓာတ်အားများလက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် Switchyard အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားလိုင်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ တာဝန်ရှိသူများမှ မန်းရေနံမြေမှထွက်ရှိမည့် စက်သုံးဆီများအား အထက်မြန်မာပြည်သို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်မည့်အစီအမံ များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးမ ှလိုအပ်သည်များ မှာကြားခဲ့ပါသည်။
၄င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြား ရာ၌ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် စတင်တာဝန်ယူစဉ်ကာလတွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်၊ မူဝါဒများ၌ ပါဝင်သည့်စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းရှင်းရေး ရှု့ထောင့်အရ မိန့်ကြားမှုများမှာ ပြည်သူ့ဝန်ထမ်းများအတွက် လမ်းညွှန်ချက် Guide Line များဖြစ်ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များတွင် မိမိတို့ဝန်ကြီးဌာနနှင့်ပတ်သက်၍ နောင်(၃)နှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ရရှိရေး အကောင်အထည်ဖော်ရန်ပါရှိသဖြင့် ၄င်းကို ရည်မှန်းချက်ထား၍ တက်ညီလက်ညီနှင့် တစ်ဦးချင်းတာဝန်ယူပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကျေးလက်ဒေသအပါအဝင် Residential Commercial and Industrial ကဏ္ဍများအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေးသည် အရေးကြီးကြောင်း၊ မိမိတို့၏ အားနည်းချက်များကို ကြပ်မတ်၍ စနစ်တကျဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မိမိတို့ဌာန၌ မြို့နယ်လျှပ်စစ်အင်ဂျင် နီယာရုံး၊ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရသည့်အတွက် ပြည်သူများ၏အခက်အခဲကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန် အောက်ခြေဝန်ထမ်းများအထိ သမ္မတ၏ လမ်းညွှန်ချက်များကို သိရှိနိုင်ရေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ မိမိတို့ဌာန၏ ပုံရိပ်ကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပြည်သူလူထုသို့ အသိပေးပြီး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများအတိုင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့တတ်မြောက် ထားသည့် ပညာရပ်များဖြင့် ပြည်သူလူထုအကျိုးအတွက် အကောင်းဆုံးဖြစ်ရန် စေတနာထား၍ အနစ်နာခံပြီး တာဝန်ယူမှုရှိသည့် စိတ်ဓာတ်မျိုးဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း မှာကြားခဲပါသည်။
၎င်းနောက် ခရိုင်လျှပ်စစ်မန်နေဂျာများမှ မိမိတို့ခရိုင်အလိုက် မီးသုံးစွဲသူဦးရေ၊ ဓာတ်အားခကောက်ခံမှုအခြေအနေ၊ ဓာတ်အားစနစ်တိုးတက်ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဓာတ်အားစနစ်ဖွံ့ဖြိုးမှုအစီအမံ လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေနှင့် ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြရာ ခေတ္တ-အမှုဆောင်အရာရှိချုပ်နှင့် ခေတ္တ-ဥက္ကဋ္ဌတို့မှ ခရိုင်များအလိုက် တင်ပြချက်များအပေါ် ဖြည့်စွက်တင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ သုံးသပ်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ပါ သည်။