The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်းသို့ ကြည့်ရှုစစ်ဆေးခြင်းနှင့် ၅၀၀ ကေဗွီ ကံကောင်း ဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာသို့ ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော် ၂၀၁၈ ခုနှစ်၊ မေလ (    ၁၃   ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဒေသရှိ မြို့သာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းသို့ ရောက်ရှိခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား Mandalay Myotha Industrial Development Public Co.,Ltd. (MMID) ၏ တာဝန်ရှိသူများမှ အစည်းအဝေး ခန်းမတွင် စီမံကိန်းစတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေ၊ နိုင်ငံတကာ အဆင့်မီ စံနမူနာ စက်မှုမြို့တော်ဖြစ်ရေး မျှော်မှန်းတည်ဆောက်ခဲ့မှုအခြေအနေ၊ လက်ရှိ အကောင်အထည်ဖော်လျက်ရှိသော Master Plan ရေးဆွဲထားမှုအခြေအနေ၊ မြို့နယ် တစ်ခုလုံး လျင်မြန်စွာ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ထားမှုအခြေအနေ၊ ကုန်တင်ကုန်ချပြုလုပ်ရန်အတွက် RME Crane တည်ဆောက်ထားမှုအခြေအနေ၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက် ပြီးစီးမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် 66/11 kV ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ထားရှိမှုအခြေအနေ၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ပေးထားမှုအခြေအနေနှင့် ဒေသခံပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက် ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဆွေးနွေးပြောကြားရာတွင် တိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေသည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထု၏အားကိုယူ၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းပြည်တွင် သဘာဝအရင်းအမြစ်များ ပေါများစွာရှိသည့်အတွက် အကျိုးရှိရှိအသုံးချနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိမိတို့ဌာနမှ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ပံ့ပိုး ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏လမ်းညွှန်ချက်တွင်လည်း မိမိတို့ဝန်ကြီးဌာနနှင့်ပတ်သက်၍ နောင် (၃) နှစ်အတွင်း မဂ္ဂါဝပ် ၃၀၀၀ ရရှိရေး အကောင်အထည်ဖော်ရန်ပါရှိသဖြင့် ၎င်းကို ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် LNG ဖြင့် ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဖက်တွင်လည်း ရေအား၊ အပူစွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း အဆင်သင့် ဖြစ်စေရန်မျှော်မှန်း၍  လျှပ်စစ်ဓာတ်အားများရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် ၅၀၀ ကေဗွီ အရှေ့၊ အနောက်၊ တောင်၊ မြောက် မဟာဓာတ်အားလိုင်းကွန်ရက်စနစ် များကိုလည်း ၃ နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ယခု မြို့သာစက်မှု ဥယျာဉ်မြို့တော်စီမံကိန်းကြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အားပေးကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့်လည်း ယခုစီမံကိန်းကြီးအောင်မြင်ရန် လျှပ်စစ်ဓာတ်အားရရှိရေးကို နှစ်အလိုက် ပိုင်းခြားပြီး ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းသို့ ဓာတ်အားဖြန့််ဖြူးပေးထားသော 66/11 kV, 20 MVA ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များမှာကြား၍ စီမံကိန်းဧရိယာအတွင်း လှည့်လည် ကြည့်ရှုခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး  မိုင်တိုင်အမှတ် ၂၉၃ အနီးရှိ ၅၀၀/၂၃၀/ ၃၃ ကေဗွီ ၅၀၀ အမ်ဗွီအေ ကံကောင်း (မိတ္ထီလာ) ဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိရာ စီမံကိန်းညွှန်ကြားရေးမှူးမှ ဓာတ်အားခွဲရုံ မြေနေရာရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဓာတ်အားခွဲရုံ တည်ဆောက်မည့် အခြေအနေနှင့် ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း ၁၄၆ မိုင် တည်ဆောက်နေမှုအခြေအနေတို့အား ရှင်းလင်း တင်ပြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးမှ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားခဲ့ ပါသည်။

          အဆိုပါ  ၅၀၀/၂၃၀/ ၃၃ ကေဗွီ ၅၀၀ အမ်ဗွီအေ ကံကောင်း (မိတ္ထီလာ) ဓာတ်အား ခွဲရုံမှ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် ကံကောင်း (မိတ္ထီလာ) မှ စပါးကြွယ်(တောင်ငူ) သို့ ဓာတ်အားလိုင်းမိုင် ၁၄၆ မိုင်ကို တည်ဆောက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းတစ်ခုလုံး အနေဖြင့် ၇၂.၄ % ပြီးစီးနေပြီဖြစ်ပြီး ကြိုးဆွဲခြင်းလုပ်ငန်းကို မကြာမီဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ကြိုးဆွဲခြင်းလုပ်ငန်းအပါအဝင် ဓာတ်အားလိုင်း တည်ဆောက်ခြင်းစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိသည့်အပြင် ၅၀၀/၂၃၀/ ၃၃ ကေဗွီ ၅၀၀ အမ်ဗွီအေ ကံကောင်း (မိတ္ထီလာ) ဓာတ်အားခွဲရုံနှင့် ၅၀၀/၂၃၀/ ၃၃ ကေဗွီ ၅၀၀ အမ်ဗွီအေ စပါးကြွယ်(တောင်ငူ) ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကိုလည်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။

          အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများသည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး စတင်တည်ဆောက်ခြင်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက မြန်မာတစ်နိုင်ငံလုံးသို့ ဓာတ်အားပမာဏ ပိုမိုဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့်အပြင် ဓာတ်အား စနစ်တစ်ခုလုံး၌ ဓာတ်အားစီးဆင်းမှုကောင်းမွန်ခြင်း၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ခြင်းနှင့် လျှပ်စစ်ဗို့အားများ ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
13-May-2018