၂၀၁၈ ခုနှစ်၊ မေလ(၂၅)ရက်နေ့
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်တွင် ဓာတ်အားဖြန့်ဖြူးထားသည့် ၃၃/၁၁ ကေဗွီ အိုးဘိုခွဲရုံ သို့ ရောက်ရှိခဲ့ပါသည်။၃၃/၁၁ ကေဗွီ၊ အိုးဘိုခွဲရုံမှာ ဓာတ်အားလိုင်းအပြစ်ကြောင့် (၂၃-၅-၂၀၁၈) ရက်နေ့ (၁၅:၂၀)နာရီတွင် ၂၀ အမ်ဗွီအေ ထရန်စဖော်မာမှ ဆီများပန်း၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်(၆)ခုမှာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါခွဲရုံမှ ဖြန့်ဖြူးပေးထား သည့်ရပ်ကွက်များအား ဓာတ်အားအမြန် ပြန်လည်ရရှိရေးအတွက် ချမ်းမြသာစည် ၆၅ လမ်းခွဲရုံရှိ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ(၁)လုံးအား လည်းကောင်း၊ မြို့မခွဲရုံရှိ ၁၀ အမ်ဗွီအေ ထရန်စဖော်မာ (၁)လုံးအားလည်းကောင်း အမြန်ဆုံး ရွှေ့ပြောင်းတပ်ဆင်ခဲ့ပြီး (၂၄-၅-၂၀၁၈)ရက်နေ့ နံနက်(၀၄:၀၅) နာရီတွင် ပြန်လည်ပြုပြင်တပ်ဆင်ပြီးဖြစ်သဖြင့် ဓာတ်အားပုံမှန်ပြန်လည်ပို့လွှတ်ခဲ့ပြီးဖြစ်ပါသည်။ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများမှ လက်ရှိဓာတ်အားပေးနေမှု အခြေအနေ၊ ထပ်မံဆောင်ရွက်ရမည့်အခြေအနေတို့ကို တင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မှ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသည့် ဓာတ်အား စနစ်ဖြစ်စေရေး၊ မီးဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် Fire Fighting System များ ပိုမို ကောင်းမွန်စေရေး၊ ပြည်သူများ ဓာတ်အားပုံမှန်ပြည့်ဝစွာရရှိရေးတို့အား ဆွေးနွေးလမ်းညွှန်မှာကြား ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲမှုမှာ ၁၅% ခန့်ရှိပြီး လက်ရှိအမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၅၇၄ မဂ္ဂါဝပ်ဖြစ်ပြီး နောင်ထပ်မံတိုးတက်သုံးစွဲမည့် ဓာတ်အားများအတွက် ဓာတ်အားစနစ်အတွင်းမှ တိုးတက်ဖြန့်ဖြူးနိုင်ရန် ၁၃၂ ကေဗွီ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံအား ၂၃၀ ကေဗွီ အဆင့်သို့မြှင့်တင်ပြီး၂၃၀/၁၃၂/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာတပ်ဆင်ခြင်းလုပ်ငန်းအား ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်နှင့် တာဝန် ရှိသူများက ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါဓာတ်အားခွဲရုံ အဆင့်မြှင့်တင်တည်ဆောက်ရခြင်းမှာ ပြည်သူများ ဓာတ်အားပြတ် တောက်မှု အနည်းဆုံးဖြစ်စေရန်နှင့် ရွှေစာရံခွဲရုံရှိ ၂၃၀/၁၃၂/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ Booster ထရန်စဖော်မာနှင့် ဘဲလင်းခွဲရုံရှိ ၂၃၀/၁၃၂/၁၁ ကေဗွီ၊ ၁၀၀ အမ်ဗွီအေ Booster ထရန်စဖော်မာများ ဝန်အားပြည့်နေခြင်းကြောင့် ဝန်အားလျော့နည်းနေရခြင်းမှ ကင်းဝေးစေရန် ဆောင်ရွက်ရခြင်း ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မန္တလေးတိုင်းဒေသကြီးအတွင်း ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားပိုမိုသုံးစွဲနိုင်မည်ဖြစ်ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံ မြို့နယ်အတွင်းရှိ ငါန်းဇွန်တွင် တည်ဆောက်ဆောင်ရွက်နေသော ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။ အဆိုပါခွဲရုံမှာ ၂၀၁၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းပြီးစီးမှုမှာ ၈၅ % ခန့်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်ရေး ရည်မှန်းချက် ထားဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစီမံကိန်းပြီးစီးပါက ငါန်းဇွန်မြို့နယ်ရှိ ရပ်ကွက်(၅)ခု အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ(၁၅၈)ရွာနှင့် မီးသုံးစွဲသူဦးရေ (၂၇၀၂၉)ဦးအား ဓာတ်အားပိုမို ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။